DVB Logo
Home
မြန်မာသတင်း
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်သွားရောက်၊ ဒုက္ခသည်များနှင့် တွေ့ဆုံ
DVB
·
November 15, 2021
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်သွားရောက်၊ ဒုက္ခသည်များနှင့် တွေ့ဆုံ
Donate to DVB

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေရပ်တန့်ရေး အဓိကကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီဆာဆာကာဝါနဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့  ရခိုင်ပြည်နယ်ကို  ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာပါတယ်။

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီဆာဆာကာဝါဟာ ဒီနေ့ မနက် စစ်တွေမြို့သို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ်ကောင်စီရုံးမှာ ကောင်စီ တာဝန်ရှိသူတွေနဲ့ဆုံခဲ့သလို  စစ်ကောင်စီဧည့်ဂေဟာမှာ  သတင်းမီဒီယာတွေနဲ့  ၁ဝ မိနစ်လောက် တွေ့ဆုံခဲ့ပါသေးတယ်။

ဒီလို တွေ့ဆုံစဥ် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း  ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ ၄ ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံအတွက်  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒေါ်လာ ၃ သန်းဖိုး လှူဒါန်းသွားမှာဖြစ်ကြောင်း  မစ္စတာဆာဆာကာဝါက သတင်းထောက်တွေကို  ပြောပါတယ်။

ဒီနောက် မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ သက်ကယ်ဒုက္ခသည်စခန်းနဲ့ ရခိုင်ဒုက္ခသည်စခန်းဖြစ်တဲ့ အလိုတော်ပြည့် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက  မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က  နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနဲ့ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာတော့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှုအကူအညီ ပေးအပ်မယ့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနဲ့ ဆေးပစ္စည်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်လုပ်လှူဒါန်းမယ့် ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ဂျပန် အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့အတူ  နိပွန်ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ယူဂျီမိုရီနဲ့ အဖွဲ့ဝင်တွေလည်း လိုက်ပါလာတာဖြစ်ပါတယ်။

မစ္စတာဆာဆာကာဝါဟာ  ရခိုင်ပြည်နယ်ကို ဒုတိယအကြိမ် နေ့ချင်းပြန်ခရီးရောက်လာခြင်းဖြစ်ပြီ ဒီနေ့ညနေ စစ်တွေမှ မထွက်ခွာမီ စစ်တွေရှိ မီဒီယာတွေနဲ့  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့ကို သွားရောက်ခဲ့ပြီး  ရခိုင်နိုင်ငံရေးပါတီတွေနဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။ 

အခု ခရီးစဉ်မှာတော့ ဖမ်းဆီးခံနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြင်းမရှိသလို ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်ဆိုတာတော့ မသိရသေးပါဘူး။ 

နိပွန်ဖောင်ဒေးရှင်းဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်ရေး  တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့တွေနဲ့လည်း သွားရောက်တွေ့ဆုံ ကြားဝင်ညှိနှိုင်းကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013