
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက G-12 ကျောင်းသားကို စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် ၁၃ ရပ်ကွက်၊ ငုဝါ ၃ လမ်းမှာ နေထိုင်တဲ့ ၁၇ နှစ်ကျော်အရွယ် မောင်းစိုင်းအာကာထက် ကို ဇူလိုင် ၂၃ ရက်ညပိုင်းမှာ အဓမ္မဖမ်းဆီးခေါ် ဆောင်သွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ကောင်လေးက ပုသိမ် မြတ်တိုအနားက အဆောင်မှာ ရောက်နေတာ။ ကျောင်းသားလေးပါ။ ညဘက်ကြီး စစ်သားတွေနဲ့ အရပ်ဝတ်လူတချို့ပါတဲ့အဖွဲ့က အဓမ္မဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။
အဓမ္မဖမ်းခေါ်ခံရတဲ့ ကျောင်းသားကို ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေ ကန်ကြီးထောင့်မြို့နယ် အမတ ၅၀၅ တပ်ကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်းဖို့ သတ်မှတ်ဦးရေပြည့်အောင် လုပ်ဆောင်ဖို့ မြေပြင်ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်။ တပ်နဲ့ရဲတွေက ပူးပေါင်းလုပ်ဆောင်ဖမ်းခေါ်ပေးရမှာ” လို့ ပြောပါတယ်။
အခုလိုကြုံရတာကြောင့် ပုသိမ်က လူငယ်တွေအနေနဲ့ စိုးရိမ်ကြောက်လန့် ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကလည်း ပုသိမ်မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်မှာ ရန်ကုန်က ပြန်လာတဲ့ အရပ်သားတယောက်ကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ပို့ခဲ့တယ်လို့သိရပါတယ်။











