DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် လူငယ် ၂ ဦးကို ဖမ်းမမိသဖြင့် ဖခင်နှင့်အဘိုးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
November 11, 2021
တောင်တွင်းကြီးတွင် လူငယ် ၂ ဦးကို ဖမ်းမမိသဖြင့် ဖခင်နှင့်အဘိုးကို  စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ  လူငယ်တစ်ယောက်နဲ့  ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းမမိတာကြောင့် သူ့တို့ရဲ့  ဖခင်နဲ့ အဘိုးဖြစ်သူတို့ကို  ဓားစာခံအဖြစ်   နိုဝင်ဘာ ၁၁ ရက် မနက် ၆ နာရီလောက်မှာ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၁ ရပ်ကွက်၊ မြို့ရိုးကုန်းလမ်းနေ တက်ကြွလှုပ်ရှားသူ ကိုပြည့်ဖြိုးပိုင်ရဲ့ အဘိုးဖြစ်သူ ဦးဝင်းရွှေနဲ့ မောင်းတိုင် ၂ ရပ်ကွက်၊ နယ်ခြားလမ်းမှာနေထိုင်တဲ့ ကိုစတားရဲ့ ဖခင် ဦးသန်းထွန်းတို့ကို  စစ်ကောင်စီတပ်က ဖမ်းသွားတာလို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက  ''ကိုဝင်းရွှေရဲ့မြေးဖြစ်တဲ့ ပြည်ဖြိုးပိုင်ကို ဖမ်းချင်လို့တဲ့။ ပြည်ဖြိုးပိုင်က မြို့နယ်အရန် မီးသတ်မှာလည်းလုပ်တယ်။ မြို့နယ်ကြက်ခြေနီမှာလည်းပါတယ်။ မြို့အတွက်ပရဟိတတွေလုပ်နေတဲ့ကလေးကို ဘာကြောင့်များဖမ်းချင်ကြတာလဲ မသိပါဘူး။ ပြည့်ဖြိုးပိုင်က မတ်လပိုင်း စစ်ကောင်စီက သူ့ကိုဖမ်းဖို့လုပ်ကတည်းက တိမ်းရှောင်နေတာ။” လို့ ပြောပါတယ်။

ပြည်ဖြိုးပိုင်ကို သူ့မိသားစုတွေက သြဂုတ်လ ၁ ရက်နေ့ကတည်းက အမွေပြတ်ကြေညာထား တယ်လို့လည်း သိရပါတယ်။  

အလားတူ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ ကိုစတားရဲ့ ဖခင်ဖြစ်သူ  ဦးသန်းထွန်းကိုလည်း ဒီကနေ့ စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဦးသန်းထွန်းနဲ့ မိသားစုနဲ့နီးစပ်သူတဦးက ''သူတို့အိမ်ကို စစ်ကောင်စီတပ်တွေက မတ်လ ၁၆ ရက်နေ့က ပထမအကြိမ်ဝင်ရှာတုန်းကလည်း အိမ်ထဲကပစ္စည်းတွေကို ဖျက်ဆီးသွားပြီး ရွှေထည်တွေနဲ့ ငွေ ၉ သိန်းကျော်ပါသွားတယ်။ အဲ့ဒိနောက်မှာကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်။ ဘာကြောင့်ရှာမှန်းမသိဘူး။ ခဏခဏလာရှာနေတာ။ အခုလည်း ကိုသန်းထွန်းကို ဖမ်းခေါ်သွားပြန်ပြီ။ သူ့မှာက သွေးတိုး၊ ဆီးချို ရောဂါတွေရှိတယ်'' လို့ ပြောပါတယ်။

ဦးသန်းထွန်းရဲ့ သားဖြစ်သူ ကိုစတားဟာ တရုတ်နိုင်ငံဘက်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတာ ဖြစ်ပြီး  မိသားစုနဲ့အဆက်အသွယ်မရတာ ၁ နှစ်ခွဲနီးပါရှိပြီလို့ သိရပါတယ်။

''အဲ့ကောင်လေးကတရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်နေတာကြာပေါ့။ ဟိုမှာလည်း ကိုဗစ်ကြောင့် ပြန်လာလို့မရဘူးဖြစ်နေတယ်တဲ့။ တို့မြို့က စစ်ကောင်စီကလည်း ဗုံးပေါက်တယ်အသံကြားရင် သူတို့ထင်တဲ့သူတွေရဲ့အိမ်တွေကိုရမ်းသန်းပြီး သွားရှာဖမ်းကြတာ။ အနာနဲ့ဆေးတခြားစီပဲ'' လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ဦးဝင်းရွှေနဲ့ ဦးသန်းထွန်းဟာ စစ်တပ်ရဲ့ မကြာခဏဖမ်းဆီးခံရပြီး ခံဝန်နဲ့ပြန်လည်လွတ်မြောက်လာကြသူတွေဖြစ်ပါတယ်။

ဦးသန်းထွန်းရဲ့ သားအငယ်ဖြစ်တဲ့ ကိုနောင်ကိုလတ်ကိုလည်း သြဂုတ်လတုန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) အမှုဖွင့်ကာ မတရားဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ အောက်တိုဘာ ၂၃ ရက်က ကြံ့ခိုင်ရေးပါတီထောက်ခံသူ စစ်ကောင်စီသတင်းပေး မြင့်ဝင်းနဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ တပ်ရင်းမှူးအဆင့်ရှိသူနဲ့ဆွေမျိုးတော်စပ်သူ ဖြူဖြူထိုက်တို့ ပစ်သတ်ခံရပြီးနောက်  သံသယနဲ့ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူ ၉၀ နီးပါးရှိပြီဖြစ်ပါတယ်။

ဒေသခံပြည်သူတွေကို အကြောင်းမဲ့ဓားစာခံအဖြစ် ဖမ်းဆီးနေမှုအပေါ်အသေးစိတ်သိနိုင်ဖို့ တောင်တွင်းကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်းမရှိပါဘူး။

ရဲအရာရှိတဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ''ကျနော်တို့လည်းမသိဘူး။ အထက်စစ်ကောင်စီက ဖမ်းခိုင်းတဲ့အတွက်ဖမ်းရတာ။ တချို့ကို ဒီမှာထားပြီး တချို့ကိုတခြားနေရာပို့ခိုင်းတယ်။ ဒီလောက်ဘဲဖြေလို့ရမယ်'' လို့ ပြန်လည်ဖြေဆိုပါတယ်

ပြီးခဲ့တဲ့ရက်အနည်းငယ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညပိုင်းတွေမှာ ပြည်သူတွေနဲ့ နေအိမ်တွေကို အကြမ်းဖက်ဝင်ရောက်တာတွေရှိပြီး လမ်းသွားလမ်းလာတွေ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေနဲ့ နေအိမ်တွေကိုဝင်ရောက်စီးနင်းပြီး လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းသွားတယ်လို့လည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013