
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) က ဇန်နဝါရီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) ရဲ့ ပြန်ကြားရေးတာဝန်ခံက “နေပြည်တော်-တောင်တွင်းကြီး ရထားလမ်းဘေးမှာရှိတဲ့ ကုလားမရွာနားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ကြလို့ သူတို့ဘက်က ၄ ယောက်သေပြီးတော့ အပြင်းအထန်ဒဏ်ရာရသူ ၁ ယောက်ပါ။ သူတို့ဆီကနေ သေနတ် ၅ လက်နဲ့ ခဲယမ်းတွေလည်းရလိုက်သေးတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုဏ္ဏဝတီ (တောင်တွင်းကြီး)၊ သရက်ခရိုင်အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးပြောက်ကျား တပ်ဖွဲ့တို့က တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) ရဲ့ တာဝန်ခံ ဗိုလ်ထိန် က “တကယ်တော့ အဲဒီကောင်တွေက ပျဉ်းချောင်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ကောင်တွေပါ။ ပျဉ်းချောင်းရွာကနေ ကုလားမကျေးရွာနားအထိသွားစောင့်ပြီးတော့ သစ်လှည်း၊ ဝါးလှည်းတွေဆီကနေ ဆက်ကြေး သွားသွားတောင်းနေတာကို သတင်းရလို့ အဲဒီနေ့ ည ၈ နာရီလောက်မှာ သူတို့တွေ ပျဉ်းချောင်းဘက် ပြန်အလာကို လမ်းက ဖြတ်တိုက်ခဲ့တာပါဗျာ။ ဒဏ်ရာရတဲ့ကောင်ကတော့ ထွက်ပြေးသွားတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းကနေ MA1 သေနတ် ၄ လက်၊ 79 သေနတ် ၁ လက်၊ ၄၀ မမဗုံးသီး ၆ လုံး၊ ကျည်အတောင့် ၉၉၀၊ ကျည်ဘောက် ၁၀ ခုတို့နဲ့အတူ ကျည်ကာ ၂ ခု တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီဂိတ်တွေအပြင် စစ်ကောင်စီလက်အောက်ခံတွေနဲ့ အနီးကပ်နေထိုင်တာတွေကို အထူးရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










