DVB Logo
Home
မြန်မာသတင်း
မင်းတပ်တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့၊ ကနီမြို့နယ်၌ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်
DVB
·
November 11, 2021
မင်းတပ်တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့၊ ကနီမြို့နယ်၌ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်က လက်နက်ကိုင်တပ်အင်အားတိုးမြှင့် စေလွှတ်နေသလို  စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း  စစ်အင်အားအလွန်အကျွံသုံးစွဲနေပြီး လေကြောင်းကနေ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်တာကြောင့် ကနီဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ဖို့နဲ့ စစ်တပ်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တတ်နိုင်သလောက် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း တောင်းဆိုနေတဲ့ကြားက  စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတာပါ။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ စစ်သားတွေကိုသာမက မိသားစုတွေကိုပါ မင်းတပ်မြို့ ရှေ့တန်းစစ်မျက်နှာကို တပါတည်းစေလွှတ်နေတာပါ။ စစ်ကား ၇၅ စီးပါတဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းမှာ မင်းတပ်မြို့ထဲကို ဝင်ရောက်သွားတယ်လို့ မင်းတပ် CDF ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။ 

နိုဝင်ဘာ ၁ ရက်နေ့ကစပြီး မင်းတပ် CDF က စစ်ကောင်စီတပ်တွေရဲ့ လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး ၁၀ ရက်တာတိုက်ပွဲတွေအတွင်း စစ်သား ၇၀ လောက်  ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းတိုက်ပွဲတွေမှာ စစ်သားတွေရဲ့မိသားစုတွေ၊ အမျိုးသမီးတွေနဲ့ကလေးတွေပါဝင်လာတာကို မသိတဲ့အတွက် မင်းတပ် CDF က တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲတွေအတွင်းမှာ အမျိုးသမီးငိုသံတွေကြားရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မင်းတပ် CDF ခေါင်းဆောင်က ပြောပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီက လက်နက်အင်အားလူအင်အား အလွန်အကျွံသုံးစွဲပြီး ဒေသခံတွေကို အကြမ်းဖက်ပစ်ခတ်နေပါတယ်။

နိုဝင်ဘာ ၁၀ ရက် ညနေ ၃နာရီဝန်းကျင်လောက်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲက တန်ဆည်ချောင်၊ ရှမ်းမြောင်း၊ ငတက်မြောင်း၊ ညောင်ပင်ဝန်း၊ မင်းကုန်းရွာတွေကို ရဟတ်ယာဉ် ၃ စီးနဲ့ တရစပ်ပစ်ခတ်တာကြောင့် ဒေသခံရွာသား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ခါးကိုထိမှန်သွားသူဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းမှားတွေ ဖြန့်ဝေခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေပါတယ်။

ကနီဒေသခံတစ်ဦး "နေ့လယ်က  ရဟတ်ယာဉ် ၂ စီး ညနေ ၃ နာရီဝန်းကျင်မှာ မုံရွာဘက်က တစ်စီးလာတယ်။ တန်ဆည်ချောင်၊ ရှမ်းမြောင်း၊ ငတက်မြောင်း၊ ညောင်ပင်ဝန်း၊ မင်းကုန်းရွာတွေကို လေယာဉ်တွေနဲ့ တရစပ်ပစ်တယ်။ ပြေးရတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ခါးကိုထိသွားတဲ့တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ အသက်မစိုးရိမ်ရတဲ့ ဒဏ်ရာရသူ ၂ ယောက်ရှိတယ်။ ပြည်သူ ၁၆ ယောက်လောက် ဒဏ်ရာရတယ်ဆိုတာ သတင်းမှားတွေဖြစ်တယ်။ အင်တာနက်နဲ့ဖုန်းလိုင်းတွေမမိတော့ ဆိုက်ဝါးသတင်းတွေဖြန့်နေတယ်။" 

စစ်ကောင်စီက ကနီမြို့နယ်အတွင်းမှာ လက်နက်အင်အားလူအင်အားတိုးမြှင့်ချထားပြီး အဝေးပစ် ၄၀ မမ၊ ၆၀ မမ တွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းပစ်ခတ်တာတွေဆက်တိုက် လုပ်ခဲ့တယ်လို့ ကနီ PDF ခေါင်းဆောင်ကပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေသလို ဒေသခံPDF တွေက ကိုယ့်ကျေးရွာ ကိုယ့်မြို့နယ်ကို ကာကွယ်မှာဖြစ်တဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကနီ PDF တပ်ဖွဲ့ဝင်တဦးက "မနေ့က မနက်ပိုင်းကစပြီး ကနီတောင်ပိုင်း တန်ဆည်ချောင်ကျေးရွာဘက်က ထွက်လာတဲ့စစ်ကောင်စီလမ်းကြောင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဝေးပစ် ၄၀ မမ၊ ၆၀ မမတွေနဲ့ပါပစ်တယ်။ လေကြောင်းပစ်ကူတွေနဲ့ပါပစ်ပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှု မစိုးရိမ်ရ ၄ ယောက်ရှိပါတယ်။ သူတို့ဘက်က ကျဆုံးမှုရှိပါတယ်။ အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။"လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း ကောလင်းနဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း လေကြောင်းကနေ ပစ်ခတ်တာ၊ တပ်အင်အားထပ်တိုးချတာတွေ ပြုလုပ်ခဲ့ပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသကို ၃ လအတွင်းထိန်းချုပ်ဖို့ အမိန့်ထုတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် အနော်ရထာစစ်ဆင်ရေးအမည်နဲ့ ချင်း၊ စစ်ကိုင်း၊ မကွေးဒေသကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း နယ်မြေကျွမ်းကျင်မှုကို အသုံးချပြီး ပြောက်ကျားစနစ်နဲ့ ပြန်လည်ခုခံတာကြောင့် စစ်ကောင်စီက အသာစီးမရနိုင်ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013