ပီရူးနိုင်ငံမြောက်ပိုင်းက ထရူဟီယို ကမ်းရိုးတန်းမြို့မှာ ဧပြီ ၇ ရက်က ပင်လယ်စာတွေကို တရားမဝင် လျှို့ဝှက်စုဆောင်းပြီး ပြုပြင်မွမ်းမံတဲ့ ဂိုဒေါင်တခုကို ပီရူးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ ငါးမန်းတောင်ပေါင်း ၂,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီနေရာကို ဝင်ရောက်စီးနင်းချိန်မှာ ငါးမန်းတောင်တွေအပြင် ပင်လယ်မျှော့ ၂ အိတ်၊ အသားထုတ်လုပ်ရာမှာသုံးတဲ့ စက်ကိရိယာတွေနဲ့ တရားမဝင်ကုန်စည်တွေကို သယ်ယူပို့ဆောင်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ကုန်တင်ကားတစီးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခု သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာ နိုင်ငံတကာ မှောင်ခိုဈေးကွက်မှာ တန်ဖိုးမြင့်မားပါတယ်။
ငါးမန်းတောင် တကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၅၀၀ အထိ ဈေးပေါက်ပြီး ပင်လယ်မျှော့ခြောက်ကတော့ တကီလိုဂရမ်ကို ဒေါ်လာ ၁,၀၀၀ အထိ ဈေးရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိအချိန်အထိတော့ ဖမ်းဆီးထားသူ မရှိသေးဘဲ ဒီအမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters










