DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
အပစ်ရပ် ငြိမ်းချမ်းရေးက အဖြေလား၊ တော်လှန်ရေးက အဖြေလား
DVB
·
November 10, 2021
အပစ်ရပ် ငြိမ်းချမ်းရေးက အဖြေလား၊ တော်လှန်ရေးက အဖြေလား
1 / 4
Donate to DVB

လက်နက်ကိုင်တော်လှန်ရေး ဒီရေဟာ တရွေ့ရွေ့နဲ့ အခုဆိုရင် တော်လှန်ရေးလှိုင်းလုံးကြီးအဖြစ် တားမရဆီးမရ ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်ကို ချေဖျက်တိုက်ပွဲဝင်နေပြီ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ဒီရေမြင့်ရောက်တိုင်း တော်လှန်ရေးလှိုင်းလုံးကို တားဆီးဟန့်တားဖို့ လုပ်ဆောင်နေတဲ့ သွေဖည်ရေး အချောင်သမားတွေက ခေတ်တိုင်း စနစ်တိုင်းမှာ ပေါ်ပေါက်လာလေ့ ရှိပေမဲ့ ဘယ်သွေဖည်ရေးသမားကမှ တော်လှန်ရေးလှိုင်းလုံးကြီးကို ဟန့်တားနိုင်ခြင်းမရှိဘဲ သမိုင်းလှည်းဘီးအောက်မှာ နင်းချေဖျက်ဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ PPST အဖွဲ့က NCA က အသက်ဝင်နေသေးတယ်၊ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းကြဖို့ ပြောဆို လုပ်ဆောင်နေတာတွေက ပြည်သူလူထုတရပ်လုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမှာဖြစ်ပြီး ဒီဖောက်ပြန်သွေဖည်ရေးလမ်းစဥ်က စစ်အုပ်စုကို အလုပ်အကျွေးပြုပြီး ပြည်သူလူထုကို ကျောခိုင်းရေးလမ်းစဥ်ပဲ ဖြစ်ပါတယ်။ 

စစ်အုပ်စု အလိုကျ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဥ်တပ်ထားတဲ့ ဓားသွားထက်က ပျားရည်စက်ပဲ ဖြစ်ပါတယ်။ ဖောက်ပြန်ရေးလမ်းစဥ်ကို ပြည်သူလူထုတရပ်လုံးရဲ့ စစ်အာဏာရှင် စနစ်ကို ခါးခါးသီးသီး မုန်းတီးခြင်းက ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ခြင်းဆိုတဲ့ တော်လှန်တဲ့ လူထုလမ်းစဥ်နဲ့ ချေဖျက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

Photo-MPA

ဒီကနေ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ စစ်အာဏာရှင်စနစ် ရှင်သန်ရေးကြားက တိုက်ပွဲ၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်စနစ် လိုလားသူကြားက တိုက်ပွဲမှာ ကြားပွဲစား ငြိမ်းချမ်းရေးသမား အလိုမရှိဘူး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသမား သာ အလိုရှိတယ်။ ဒီသဘောထားက ပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဆိုတာ ပွင့်ပွင့်လင်းလင်း သတိပေးပြီး လမ်းမှား၊ လမ်းစဥ်မှားမှာ ရောက်ရှိနေတဲ့ NCA သမားတွေကို ပြည်သူလူထုနဲ့ တခဲနက် ပူးပေါင်းပါဝင်ပြီး တိုက်ပွဲဝင်ရန် တိုက်တွန်းအပ်ပါတယ်။

ဒီကနေ့ စစ်အုပ်စုဟာ NCA လက်မှတ်ထိုး အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေကို ပျားရည်နဲ့ ဝမ်းချထားပြီး ယာယီအားဖြင့် ရှင်သန်ခွင့်ပေးထားတာဖြစ်ပြီး ရေရှည်မှာ စစ်အုပ်စုရဲ့ တလက်ကိုင်တပ်အဖြစ်မှတပါး ရှင်သန်ရပ်တည်ခွင့်ပေးမှာ မဟုတ်ကြောင်း သမိုင်းထဲက ငြိမ်းအဖွဲ့တွေက သက်သေခံနေပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ  စစ်အုပ်စုက ကျင်းပတဲ့ NCA  ၆ နှစ်ပြည့် နေ့အခမ်းအနားကို ABSDF ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်တချို့ တက်ရောက်ခဲ့ပါတယ်။ ဒါဟာ ABSDF ဗဟိုကို ကိုယ်စားမပြုကြောင်း ထုတ်ပြန်ပြီး မကြာခင်မှာပဲ စစ်အုပ်စုက ထောက်ထားညှာတာမှုမရှိဘဲ ABSDF မြဝတီမြို့က ဆက်ဆံရေးရုံး တာဝန်ခံတွေကို ဖမ်းဆီးခဲ့တာက PPST အဖွဲ့ဝင်တွေကို စစ်အုပ်စုရဲ့ နယ်ရုပ်အဖြစ်မှတပါး အခြား သီးခြားလက်ခံ အသိအမှတ်မပြုထားကြောင်း စစ်အုပ်စုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီရေးအတွက် နှစ်ကာလ ရှည်ကြာစွာ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့တဲ့ ဘဝက ပြည်သူလူထုတရပ်လုံးက ပန်းကုံးသီ ကြိုဆိုခဲ့တာတွေကို ပြန်လည်အောက်မေ့သတိရပြီး ပြည်သူလူထုတရပ်လုံးကို မျက်နှာမူပြီး နွေဦးတော်လှန်ရေးမှာ တခဲနက် ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ လိုအပ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

အိုက်နီ(ဖြူး)

Photo -Credit

(အထက်ပါဆောင်းပါးတွင် ရေးသားဖော်ပြချက်များသည်  ဆောင်းပါးရှင်၏ သဘောထား အမြင်များသာ ဖြစ်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013