DVB Logo
Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ငုရွှေဝါပင် ဆေးဖက်ဝင်
သာဇဏ်
·
April 15, 2026
နွေဦးပြည်သူတို့အတွက် ငုရွှေဝါပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ငုရွှေဝါပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ငုရွှေဝါပင်ကို သိပ္ပံလို Cassia fistula လို့ခေါ်ပြီး အင်္ဂလိပ်လို golden shower, purging cassia, Indian laburnum, kani konna,pudding-pipe tree လို့ခေါ်ကြပါတယ်။

ငုရွှေဝါပင်မှာ Glycoside, Anthraquinone, Fistulic Acid, Saccharose, Mucilage, Pectin, , Rhein, Rhein Glucoside, Sennosides A,B, Emodin, Chrysophanic Acid, Phlobaphene, Fistuacacidin, Lupeol, Beta-Sitosterol, Hexacosanol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေပါဝင်ပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဝမ်းပျော့စေခြင်း၊ လေသက်ခြင်း၊ အူလမ်းကြောင်းနဲ့ အရေပြားရောဂါတွေကို သက်သာစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ နှလုံးလည်ပတ်မှုကို မြှင့်တင်ပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း၊ ချောင်းဆိုးခြင်းကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယား/ဗိုင်းရပ်စ်ပိုးသတ်ဆေး/မှိုသတ်ဆေးအာနိသင်များရှိခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်းသတ်ဆေး၊  အကျိတ်ကို ဆန့်ကျင်ခြင်း၊ ယားယံခြင်းကို ဆန့်ကျင်ခြင်း၊ ချွေးထုတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတွင်းအဆီနဲ့ သွေးတွင်းသကြားဓာတ်ကိုလျော့ချပေးခြင်း၊  ဒဏ်ရာ/အနာကျက်စေခြင်း စတဲ့ အစွမ်းအနိသင်ရှိပါတယ်။ 

ဆေးဘက်ဆိုင်ရာမှာ ငုရွှေဝါပင်ရဲ့ အရွက်၊အမြစ်၊ ပင်စည်အခေါက်၊အသီးပျော့ဖတ်နဲ့ အပွင့်တို့ကို သုံးစွဲကြပါတယ်။ ဆီး/ဝမ်းချုပ်ခြင်းကြောင့် ဝမ်းဗိုက်တင်းတောင့်ခြင်းတွေမှာ အသီးပျော့ဖတ် ကော်ဖီ ၁ ဇွန်းကို သကြား ကော်ဖီ ၁ ဇွန်းထည့်ကာ ရေ ၁ ဖန်ခွက်နဲ့ ည အိပ်ချိန် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

အရေပြားပွန်းပဲ့ခြင်း၊ ယားယံခြင်း၊ပွေး၊ နှင်းခူနဲ့ ယားနာတွေမှာ အရွက်သတ္တုရည်နဲ့ အခေါက်သွေးရည်တို့ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ လေထိုးလေအောင့်ခြင်းအတွက် သစ်သီးပျော့ဖတ်ကို  ချက်ပတ်ပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။

အသီးပျော့ဖတ် ကော်ဖီ ၂ ဇွန်းကို  နွားနို့ပူပူနဲ့ သောက်ပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အစာလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ၁ ပတ် ၁ ကြိမ် ခန့် သောက်ပေးနိုင်ပါတယ်။

အဆစ်ရောင်ရောဂါအတွက် ငုရွှေဝါရွက်ကို မီးနဲ့ အနည်းငယ်ကင်ပြီး မုန်ညင်းဆီထဲ စိမ်ထားပြီးနောက် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂ ကြိမ်သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

ဂေါက်ရောဂါအတွက် အမြစ် ၅ ကျပ်သားကို နို့နဲ့ ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် ၁ ပတ်ခန့် သောက်သုံးပေးနိုင်ပါတယ်။ အရေပြားရောဂါတွေမှာ  ငုရွှေဝါရွက် သတ္တုရည်ကို ပြင်ပ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်  ရောင်ရမ်းမှုပြင်ထန်ပြီးယားယံတဲ့ အရေပြား‌ ရောဂါအတွက် အရွက်ကို ထုထောင်းပြီး ထောပတ်နဲ့ ရောမွေကာ လိမ်းပေးနိုင်ပါတယ်။

နာတာရှည် ချောင်းဆိုးခြင်းအတွက် အသီးပျော့ဖတ်ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ထောပတ်ကော်ဖီ ၁ ဇွန်းနဲ့ ရောမွှေပြီး  တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသီးပျော့ဖတ် ၁၀ ကျပ်သား၊ ဆောင်မေခါး ၁ ကျပ်သား၊ နွားမြက်ရင်း ၂ ကျပ်သား၊ သစ်ဆိမ့်သီး ၂ ကျပ်သားတို့ကို ရေ ၂ ဖန်ခွက် ထည့်ပြီး ၄ ပုံ ၁ ပုံကျန်တဲ့အထိ ကျိုပါ။ ဆေးရည်ကို စစ်ထားပြီး သန်းရှင်းတဲ့ ဖန်ပုလင်းမှာ သိမ်းထားပါ။ ဒီဆေးရေကို တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂ ကြိမ် ၁ ပတ်လောက် သောက်သုံးပေးခြင်းဖြင့် အဖျားကို သက်သာပျောက်ကင်း စေပါတယ်။ ဒီဆေးရည်ဟာ အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ အဖျားကြောင့် အားနည်းခြင်းကို ပျောက်ကင်းစေခြင်းအပြင်  ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပါတယ်။

အမြစ်မှုန့်ဟာ အစာအိမ်အတွင်းအက်ဆစ်တွေ အလွန်အကျွံဖြစ်ပေါ်ခြင်းကို တားဆီးပေးတာကြောင့် အစာမကြေခြင်း၊ အစာအိမ်နာနဲ့ အစာအိမ်ရောင်ခြင်းတို့မှာ အမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ရေနွေးဖြင့် သောက်ပေးခြင်းဖြင့် သက်သာမှုရစေပြီး အာဟာရဓာတ်များ စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။

ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ ascorbic acid ပါဝင်တဲ့အပြင် ဗိုင်းရပ်စ်ဆန့်ကျင်ခြင်း/ ဘက်တီးရီးယားဆန့်ကျင်ခြင်းနဲ့ မှိုသတ်ဆေးအာနိသင်များ ပါဝင်မှုပြင်းထန်ပြီး  ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ရောဂါပိုးမွှားများကို တိုက်ထုတ်ခြင်းနဲ့ ခန္ဓာကိုယ်တွင်း ရောဂါပိုးအမျိုးမျိုးမှ ကာကွယ်ပေးနိုင်တာကြောင့် အသီးပျော့ဖတ် ဟင်းစားဇွန်း ၁ ဇွန်း၊ဇီးဖြူသီးမှုန့်ကော်ဖီ ၁ ဇွန်း ၊ နနွင်းမှုန့် ကော်ဖီဇွန်းဝက်တို့ကို သမအောင်ရောနယ်ပြီး ပျားရည်နဲ့ နယ်ကာ နေလှန်းပြီး ဖန်ပုလင်းမှာ လေလုံအောင် သိမ်းဆည်းပြီးနောက် တခါသောက် ကော်ဖီ ၁ ဇွန်း တနေ့ ၂ ကြိမ်ခန့် သောက်သုံးပေးခြင်းဖြင့် အဖျား၊ သာမန်အအေးမိ၊ လည်ချောင်းနာနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရောပမာဏကို လျော့ကျစေကာ သွေးတွင်းမကောင်းတဲ့အဆီ များစုပုံလာခြင်းကို တားဆီးပေးပြီး နှလုံးကြွက်သားကို အားကောင်းစေကာ သွေးကြောကျဉ်းခြင်း၊ နှလုံးပိတ်ဆို့ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ သွေးခဲခြင်း အန္တရာယ်များကို လျော့နည်းစေပါတယ်။

အရွက်အသင့်အတင့်ကို အတို့အမြှုတ်အဖြစ် ပုံမှန် စားသုံးပေးခြင်းက ခန္ဓာကိုယ်တွင်းရှိ သွေးတွင်းဂလူးကို့စ် ပမာဏကို ကျဆင်းစေပြီး ဆီးချိုရောဂါကို ထိန်းညှိရာမှာ အထောက်အကူဖြစ်စေပါတယ်။

ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားစဉ် နာကျင်သွားခြင်း/ပူလောင်ခြင်းစတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အမြစ်ကို ‌ရေမှာ ၁ ည စိမ်ပြီး နောက်တနေ့နံနက်မှာ ၁ ဖန်ခွက်လောက်ကို သောက်ပေးခြင်းဖြင့် သက်သာမှုရစေပြီး  ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေး ပါတယ်။

အရွက်ရေနွေးကြမ်း အသင့်အတင့်ကို တနေ့ ၁-၂ ကြိမ်လောက် သောက်သုံးပေးခြင်းက အသည်းကို သန့်စင်စေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။

ငုရွှေဝါပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံသုံးစွဲခြင်းကြောင့်  အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အလွန်အကျွံဝမ်းသွားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊ ကလေးငယ်များ၊ ငုရွှေဝါပင်ကို မသုံးစွဲသင့်ပါ။ငုရွှေဝါပွင့်နဲ့ ဓာတ်မတည့်သူတွေ ငုရွှေဝါပင်ထွက်ပစ္စည်းများကို ရှောင်ကြည်ပါ။

နွေဦးပြည်သူတွေ ငုရွှေဝါပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013