
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ၊ ထုတ်လုပ်မှုစံချိန်မမီဘဲ ဓာတုဆေးအန္တရာယ်ရှိနိုင်တဲ့ စကွီရှ်ခေါ် ညှစ်ဆော့ကစားစရာ အရုပ်ပေါင်း ၂၀,၀၀၀ လောက်ကို တာဝန်ရှိသူတွေက သိမ်းဆည်းအရေးယူလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါ ကစားစရာအရုပ်တွေဟာ သစ်သီးဝလံ၊ မုန့်ပဲသရေစာ၊ ချစ်စရာတိရစ္ဆာန်အမျိုးမျိုးပုံ ပြုလုပ်ထားပြီး နူးညံ့ပျော့အိတာကြောင့် ဖိညှစ်ပြီး ဆော့ကစားကြပါတယ်။ ဒါပေမဲ့ ကလေးသူငယ်တွေတင်မက အဘိုးအဘွားတချို့ကပါ အစစ်ထင်ပြီး ပါးစပ်ထဲ ထည့်ကြည့်လေ့ရှိကြတာပါ။
ဒီအရုပ် ထုတ်လုပ်ရာမှာ စံချိန်စံညွှန်းမမီပါက ကြွင်းကျန်ဓာတုပစ္စည်းနဲ့ ဆိုးဆေးတွေဟာ ကလေးသူငယ်ဖွံ့ဖြိုးမှု နှေးကွေးစေတတ်တယ်၊ ကြာရှည်ထိတွေ့ရင် ကင်ဆာလို ရောဂါ ဖြစ်စေနိုင်တာကြောင့် တာဝန်ရှိသူတွေက TISI (Thailand’s Industrial Standards Institute) ထိုင်းနိုင်ငံ စံချိန်စံညွှန်းဆိုင်ရာ ထုတ်ကုန်ပစ္စည်း စစ်ဆေးရေးဌာနရဲ့ ခွင့်ပြုချက်အမှတ်တံဆိပ်မပါတဲ့ အရုပ်တွေကို စစ်ဆေးအရေးယူခဲ့ပါတယ်။
TISI ဌာနဆိုင်ရာ တာဝန်ရှိသူတွေဟာ ဩဂုတ် ၃ ရက်က ဘန်ကောက်၊ ကျကဝပ်နယ်မြေ တရုတ်တန်းအနီး ဆာမ်ဖိန်းဈေးကြီးထဲ ဝင်ရောက်စစ်ဆေးခဲ့ပြီး ကစားစရာအရုပ် ဆိုင်ပေါင်း ၆ ဆိုင်က စံချိန်စံညွှန်းမမီတဲ့၊ TISI အမှတ်တံဆိပ်မပါတဲ့ ဘတ်တသန်းကျော် (၁,၀၁၃,၁၀၉) ဘတ်တန်ဖိုးရှိ စကွီရှ်အရုပ်ပေါင်း ၁၉,၆၆၅ ခုကို သိမ်းဆည်းခဲ့တယ်လို့ TISI ဌာန အထွေထွေအတွင်းရေးမှူး အေတ်နစ်ဆီ ရူမ်းယန်းနွန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဆိုင်ပိုင်ရှင် ၆ ယောက်ဟာ စံချိန်စံညွှန်းမမီတဲ့ ကုန်ပစ္စည်းရောင်းချမှုနဲ့ အရေးယူခံရမှာဖြစ်ပြီး အဲဒီထဲက တယောက်က ပစ္စည်းတွေကို တရားမဝင် တင်သွင်းမှုနဲ့ပါ ထပ်ဆောင်းအရေးယူခံရမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်စံချိန်စံညွှန်းဆိုင်ရာ ဥပဒေအရ TISI မှတ်ပုံတင်မပါတဲ့ပစ္စည်းတွေ ရောင်းချပါက ထောင်ဒဏ် ၆ လထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၅၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရနိုင်ပါတယ်။
တရားမဝင်ပစ္စည်းတွေ တင်သွင်းပါက ထောင်ဒဏ် ၂ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂,၀၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရနိုင်တယ်လို့ TISI တာဝန်ရှိသူက ပြောပါတယ်။
Source: CH7 HD News / KhaoSod










