ပဲခူးတိုင်းအတွင်း မြို့နယ် ၃ မြို့နယ် နေရာ ၄ ခုကို နိုဝင်ဘာ ၁ ရက်နေ့မှာ ပဲခူး PDF နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF က ပြောပါတယ်။
အုန်းနှဲမြို့အဝင်ဂတ်စ်ထုတ်လုပ်ရေးစက်ရုံမှာ မနက် ၄ နာရီမှာ တစ်ကြိမ်၊ ကဝမြို့ရှောင်လမ်းအနီး စစ်ဆေးရေးဂိတ်မှာ မနက် ၆ နာရီ ဒုတိယအကြိမ်နဲ့ ပဲခူးမြို့အတွင်းရှိ ကျောက်လမ်း နန်းတော်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ပုဏ္ဏားစု (၈) လမ်းထိပ် ဒလန် ဖိုးတုတ်အိမ်တို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာမှု အခြေအနေတွေကို မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ လက်ပါးစေ မှန်သမျှတွေ ပြည်သူဘက်ရပ်တည်သွားဖို့နဲ့ ပြည်သူ့ဘက် မရပ်တည်ပေးပါက မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက် ချေမှုန်းသွားမည်လို့ ပဲခူး PDF က ထုတ်ပြန်ထားပါတယ်။