DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်က မီးရှို့တာကြောင့် ထန်တလန်မြို့က ဘုရားကျောင်း ၂ ကျောင်းအပါဝင် နေအိမ် ၂၇၀ ကျော်မီးလောင်
DVB
·
October 30, 2021
အကြမ်းဖက်စစ်တပ်က မီးရှို့တာကြောင့် ထန်တလန်မြို့က ဘုရားကျောင်း ၂ ကျောင်းအပါဝင် နေအိမ် ၂၇၀ ကျော်မီးလောင်
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်မှ အောက်တိုဘာ ၃၀ ရက်  ဒီနေ့မနက်အထိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ မီးရှို့တာကြောင့် ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းအပါဝင် ပြည်သူတွေရဲ့နေအိမ် ၂၇၀ ကျော်မီးလောင်ကျွမ်းထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ထန်တလန်မြို့ကို မနေ့က မနက် ၁၁ နာရီလောက်ကတည်းက လက်နက်ကြီးတွေ မီးလောင်ဗုံးတွေနဲ့ပစ်ခတ်မီးရှို့တာကြောင့် Curch on the rock(COTR) ဘုရားကျောင်းနဲ့ Presbyterain ဘုရားကျောင်းအပါအဝင် အိမ်ခြေ ၂၇၀ ကျော်မီးလောင်ကျွမ်းခဲ့ ပြီးတော့ အခုမနက်ပိုင်းအထိ မီးလောင်နေတယ်လို့ မြို့ခံပြည်သူ တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ မီးရှို့တာကြောင့် ပထမအကြိမ်ကတည်းက ဒေသခံတွေဟာ မြို့ကိုမပြန်ရဲကြဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာကြောင့် မီးငြှိမ်းသတ်မယ့်လူလည်းမရှိဘူး၊ ခပ်ဝေးဝေးမှာရှိတဲ့ တောင်ကုန်းပေါ်ကနေဘဲ ရင်နာနာနဲ့ ကြည့်နေကြရတယ်လို့  ဒေသခံက ပြောပါတယ်။

စစ်အုပ်စုဟာ ချင်းပြည်နယ်က ပြည်သူတွေကို ကမ္ဘာစစ်ဖြစ်သလို ရက်စက်ယုတ်မာပြီးတော့ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ယူဆောင်ဖျက်ဆီးသွားကြသလို၊ အိမ်မွေးတိရိစ္ဆာတွေကိုပါ သတ်ဖြတ်စားသောက်ပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာကြောင့် မြို့ကိုပြန်ရင်တောင် နေစရာအိမ်မရှိတော့ဘူးလို့ ဆိုပါတယ်။

ဖက်ဆစ်ထက်ကို ဆိုးရွားတဲ့ အကြမ်းဖက်စစ်တပ်ကို  နိုင်ငံတကာ တာဝန်ရှိသူတွေအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံးကူညီဖယ်ရှားပေးဖို့  ထန်တလန်ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် အိုးအိမ်စွန့် လွှတ်ခဲ့ရတဲ့ ဒေသခံပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း၊ပြည်ပအလှူရှင်တွေ ဝိုင်းဝန်ကူညီကြဖို့လည်း တိုက်တွန်းပါတယ်။

ထန်တလန်မြို့မှာ အိမ်ခြေ ၁၈၀၀ ကျော်ရှိပြီးတော့ လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်က မြို့လုံးကျွတ်ထွက်ပြေတိမ်းရှောင်နေကြပြီး အများစုက အန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ထဲကို ကျေးရွာတွေကို ထွက်ပြေးနေကြရပါတယ်။

ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

Photo Credit- The Chinland Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013