
မန်ချက်စတာစီးတီးဟာ ရာသီပိတ်ခါနီး ၇ ရက်အတွင်း ၃ ပွဲအထိ ကစားရမဲ့ ပွဲစဉ်ဇယားကြောင့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေအပေါ် အတော်လေး ဒေါသထွက်နေပါတယ်။
ပဲလေ့စ်၊ ဘုန်းမောက်တို့နဲ့ပွဲတွေကို ရှေ့နောက်ပြောင်းလဲပေးဖို့ စီးတီးရဲ့ တောင်းဆိုမှုကို ပရီးမီးယား လိဂ်ဘက်က ပယ်ချခဲ့တာကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲအပါအဝင် ပွဲကျပ်တွေ ဆက်တိုက် ကစားရတော့မှာပါ။
တဖက်မှာလည်း အာဆင်နယ်ပရိသတ်တွေဟာ ဘန်လေနဲ့ ကစားမဲ့ ရာသီပိတ်အိမ်ကွင်းပွဲစဉ်ကို တနင်္ဂနွေကနေ တနင်္လာနေ့ညဘက်ကို ရွှေ့လိုက်တဲ့အပေါ် အတော်လေး စိတ်ပျက်နေကြပါတယ်။
နည်းပြ အာတီတာကလည်း ဒါဟာ ပရိသတ်တွေအတွက် အခက်အခဲဖြစ်စေနိုင်ပေမဲ့ လက်ခံ လိုက်နာရမှာပဲလို ဆိုပါတယ်။
ချန်ပီယံလုပွဲ အဆုံးအဖြတ်အချိန်မှာ အခုလို ဇယားအပြောင်းအလဲတွေက ၂ သင်းလုံးအတွက် ဖိအားဖြစ်စေပါတယ်။
Photo: Reuters











