DVB Logo
Home
မြန်မာသတင်း
မတူပီမြို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိန်းချုပ်ရန် ကြိုးပမ်း၊ ဒေသခံ ၄၀၀၀ ခန့် နေရပ်စွန့်ခွာ
DVB
·
October 27, 2021
မတူပီမြို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိန်းချုပ်ရန် ကြိုးပမ်း၊ ဒေသခံ ၄၀၀၀ ခန့် နေရပ်စွန့်ခွာ
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့ကို စစ်ကောင်စီက စစ်ကား ၈၀ကျော် အင်အား ၃၀၀ နီးပါးနဲ့ ဦးတည်နေပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ပြည်သူ ၄၀၀၀ နီးပါးရှိလာပြီလို့ သိရပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဒေသ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကိုတော့ စစ်ကောင်စီက စစ်ကား ၈၀ကျော် အင်အား ၃၀၀ နီးပါးနဲ့ ဦးတည်နေပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

စစ်ကောင်စီလာနေတယ်ဆိုတဲ့ သတင်းကြောင့် မတူပီမြို့နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၅၂ ရွာက ပြည်သူတွေဟာ နေရပ်စွန့်ခွာနေကြပါတယ်။ စစ်ကောင်စီလာမယ့် ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာ ၁၀ ရွာလောက်မှာတော့ လူလုံးဝမရှိတော့ဘဲ မတူပီမြို့နဲ့ပတ်ဝန်းကျင်မှာ စစ်ရှောင်ပြည်သူ ၄ ထောင်နီးပါးရှိလာပါတယ်။

မတူပီ CDF တာဝန်ရှိသူတစ်ဦး "တချို့ကျေးရွာတွေမှာဆို လူတွေကမရှိသလောက်ကိုရှိပြီ။ စကစ ဘက်က အင်အားတိုးလာတဲ့ အခြေအနေတွေရှိတယ်။ လောလောဆယ်တော့ ကျနော်တို့ဆီကို မရောက်လာသေးဘူး။ သူတို့ဘက်က စစ်ဆေးရေးတစ်ခုလုပ်မယ်လို့ သတင်းရထားတာရှိပါတယ်။ စစ်ကား ၈၃ စီးလောက်တက်လာတယ်။ သံချပ်ကာယာဉ် ၂ စီးပါတယ်။ လူအင်အား ၂၀၀ ကျော် ၃၀၀ နီးပါးရှိမယ်ထင်ပါတယ်။ လက်နက်ကြီးတွေလည်းပါတယ်။ လူအင်အားလည်းများပါတယ်။ ကြိုတင်ခန့်မှန်းတာက ျန‌ော်တို စိုးရိမ်တာက ပြည်သူတွေကို လူသားဒိုင်းပုံစံသုံးတဲ့ အခြေအနေမျိုးလည်းရှိနိုင်တယ်။ အဲ့ဒါကြောင့် တချို့ပြည်သူတွေက ကြိုတင်ရှောင်တိမ်းတဲ့ အနေအထားများလည်း ရှိပါတယ်။" လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကိုင်းဒေသခံ PDF ခေါင်းဆောင်တချို့ဟာ အောက်တိုဘာ ၂၄ ရက်နေ့က အွန်းလိုင်းကနေ အစည်းအဝေးပြုလုပ်ပြီးနောက်ပိုင်း အောက်တိုဘာ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့ မနက်ပိုင်းတွေမှာ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီး၊ မြိုင်၊ ကနီ၊ ဘုတလင်နယ်တွေက ရဲစခန်းတွေအပါအဝင် စစ်ကောင်စီနဲ့ စပ်ဆက်တဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ 

ထိပ်တိုက် တိုက်ပွဲ ကြီးကြီးမားမားဖြစ်တာမရှိသေးပေမယ့် စစ်ကောင်စီက ဖိအားပေးနေတဲ့ ချင်းပြည်နယ်ကို ကူညီဖို့ စစ်ကိုင်းတိုင်းက PDF တွေက စစ်ကောင်စီကို စိန်ခေါ်နေတာဖြစ်နိုင်တယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတစ်ယောက်က ခန့်မှန်းပါတယ်။   

"အောက်တိုဘာ ၂၄ရက်နေ့က စစ်ကိုင်းတိုင်း PDF နဲ့ NUG တို့ အွန်လိုင်းကနေ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်။ ဒေါက်တာဆာဆာတို့လည်းပါတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာတော့ တိတိကျကျမသိဘူး။ ဒါပေမယ့်နောက်ရက်တွေမှာ PDF တွေက စစ်ကောင်စီက ဒီဘက်ကိုရောက်လာအောင် တမင်သက်သက်မျှားခေါ်ပြီး ဖောက်ခွဲတာတွေရှိလာတယ်။ စစ်ကောင်စီယာဉ်တန်းတွေကို ဖောက်ခွဲဖို့လည်း အသင့်ရှိနေပြီ။ လက်နက်စမ်းသပ်တာတွေ၊ ကျေးရွာတွေအချင်းချင်းချိတ်ဆက်တာတွေ စပြီးလှုပ်ရှားနေပြီလို့ ပြောလို့ရပါတယ်။"

ချင်းပြည်နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဖိအားပေးနေတဲ့အတွက် စစ်ကိုင်းတိုင်းထဲက PDF တွေက ထကြွပြီး စစ်မျက်နှာလမ်းကြောင်းပြောင်းအောင် ကြိုးစားပေးနေတယ်လို့ ဆိုပါတယ်။ 

NUG က စစ်ကိုင်းဒေသခံ PDF တွေနဲ့ အစည်းအဝေးလုပ်ခဲ့တယ်ဆိုပေမယ့် PDF အဖွဲ့အားလုံးကို မလွှမ်းခြုံနိုင်သေးကြောင်း၊ အဓိကလိုအပ်ချက်ဖြစ်တဲ့ လက်နက်နဲ့ ရိက္ခာတွေ မြန်မြန်ရဖို့လိုတယ်လို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

"ဆားလင်းကြီးဘက်မှာ ရဲစခန်းတွေကို မိုင်းခွဲတိုက်ခိုက်တာ အဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေရှိတယ်။ ကျနော်တို့ ညီအစ်ကိုတွေက လှုပ်ရှားမှုတွေပေါ့။ မုံရွာမြို့ပေါ်မှာရော၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြိုင် အဲ့ဒီဘက်တွေမှာရော အခုနောက်ပိုင်းမှာ စစ်ကောင်စီကို ပြန်ပြီးစိန်ခေါ်လာတဲ့ပုံစံမျိုးပေါ့။ ဖောက်ခွဲမှုတွေလုပ်လာတယ်။ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိလာတယ်။"

စစ်ကောင်စီဟာ အောက်တိုဘာ ဒုတိယအပတ်ကစပြီး ချင်းပြည်နယ်ကို စစ်ကြောင်း ၂ ခုနဲ့ ထိုးစစ်ဆင်ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ 

ဟားခါး-ဖလမ်းဒေသလမ်းပိုင်းနဲ့ မင်းတပ်-မတူပီလမ်းပိုင်းတွေမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အနိုင်ကျင့်ရိုက်နှက်တာတွေ ပြုလုပ်နေပါတယ်။ 

ပြည်သူတွေအပေါ် စစ်ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို လုံးဝလက်မခံနိုင်တဲ့အတွက်  ကြိုးစားခုခံပြီး ပြည်သူကို ကာကွယ်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013