
ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေအားလုံး ရာထူးကနေ နုတ်ထွက်ဖို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPDF) က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ဦးနီးပါး ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာ၊ သတင်းပေးဒလန်ပြုလုပ်တာနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား နုတ်ထွက်ကြဖို့ ရေတာရှည် PDF က အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်ပြီးနောက် အခုလို နုတ်ထွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီက ရရှိထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ နုတ်ထွက်စာတွေထဲမှာတော့ အများစုက ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ခွင့်ပြုဖို့ ရေးသားထားတာ တွေ့ရပါတယ်။
တစ်ချို့နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ချို့လည်းရှိပြီး သူတို့နဲ့အဆက်အသွယ်မရသေးသလို စစ်ကောင်စီက နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးနေရာတွေမှာ အသစ်ပြန်ခန့်နေတာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ယောက်က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လက ရေတာရှည်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတစ်ချို့ရဲ့အိမ်တွေ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေရှိခဲ့သလို စစ်ကောင်စီကို သတင်းပေးတဲ့အတွက် အသတ်ခံခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။
နိုင်ငံတဝန်းမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေ သုတ်သင်ရှင်းလင်းခံနေရပြီးနောက် အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်နေကြတာလည်း ဖြစ်ပါတယ်။