DVB Logo
Home
မြန်မာသတင်း
မီတာခ အဓမ္မကောက်ခံသူများကို ပြင်းထန်စွာ အရေးယူမည်ဟု NUG သတိပေး
DVB
·
October 25, 2021
မီတာခ အဓမ္မကောက်ခံသူများကို ပြင်းထန်စွာ အရေးယူမည်ဟု NUG သတိပေး
Donate to DVB

အတင်းအဓမ္မ မီတာခကောက်ခံနေသူတွေနဲ့ လျှပ်စစ်မီးဖြတ်နေသူတွေ ပြင်းထန်စွာ အရေးယူခံရမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ပြည်သူလူထု အကျိုးစီးပွားထိခိုက်စေဖို့ ဓာတ်အားဖြတ်တောက်တာတွေ ဆက်လုပ်နေတဲ့ စစ်ကောင်စီ ယန္တရား လည်ပတ်နိုင်ဖို့ အားပေးကူညီနေကြတဲ့ ညွှန်ကြားသူ အဆင့်ဆင့်၊ ဆောင်ရွက်သူ အဆင့်ဆင့်ဟာ အရေးယူခံရမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်ညှင်းပန်းနှိပ်စက် မှုတွေကြောင့် ပြည်သူလူထုကိုယ်စိတ်ဆင်းရဲ ပင်ပန်းနေတာအပြင် စီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးလျော့စေဖို့နဲ့ စစ်ကောင်စီဆီကို လျှပ်စစ်ဓာတ် အားခရန်ပုံငွေ မရောက်ရှိစေဖို့ အိမ်သုံးလျှပ်စစ်ဓာတ်အားခတွေကို NUG အစိုးရက ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

ပြည်သူလူထုဘက်ကလည်း မီတာခမပေးဆောင်တာ၊ CDM လှုပ်ရှားမှုမှာ တက်ညီလက်ညီ ဆောင်ရွက်နေတာတွေကို တွေ့ရပြီး ဆက်လက်ပြီးတော့လည်း ပူးပေါင်းပါဝင်ပေးကြမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်တခုဖြစ်တဲ့ CDM လှုပ်ရှားမှာ အမှန်တရား ဘက်တော်သားဖြစ်တဲ့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေက စိတ်အားထက်သန်စွာ ကြံ့ကြံ့ခံဆောင်ရွက်နေကြပေမယ့် တချို့ဝန်ထမ်းတွေက CDM လှုပ်ရှားမှာ ပါဝင် ခြင်းမရှိတဲ့အပြင် စစ်ကောင်စီရဲ့ ယန္တရား လည်ပတ်နိုင်ဖို့ လျှပ်စစ်ဓာတ်အားခကောက်ခံ ပေးနေတာတွေကိုလည်း တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့ပြီးဖြစ်ကာ အဲဒီနေ့က စတင်ကာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ အနေနဲ့ ရုံးတက်ခြင်းမပြုကြဖို့လည်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ ယန္တရား လည်ပတ်စေမယ့် ကိစ္စရပ်တွေကို လုံးဝဆောင်ရွက်ခြင်း မပြုကြဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားခ ကင်းလွတ်ခွင့်ပြုတာ၊ ဆိုင်းငံ့တာတွေနဲ့ ပတ်သက်တဲ့ အမိန့်ကို နာခံကြဖို့ တတိယအကြိမ် သတိပေးတားမြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

သတိပေးတားမြစ်နေတဲ့ကြားက အတင်းအဓမ္မ ဓာတ်အားခ ကောက်ခံတာ၊ ပြည်သူလူထု အကျိုးစီးပွားထိခိုက်စေဖို့ ဓာတ်အားဖြတ်တောက်တာတွေကို ဆက်လက်ဆောင်ရွက်နေကြမယ်ဆိုရင်တော့ ညွှန်ကြားသူ အဆင့်ဆင့်၊ ဆောင်ရွက်သူ အဆင့်ဆင့်ကို နိုင်ငံ့ဝန်ထမ်းဥပဒေအရသော်လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂/၁၂၄ ပါအရ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ဖောက်ဖျက်ပုန်ကန်မှုအဖြစ်အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013