ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပေမဲ့ ကစားသမားသစ်တွေ ထပ်မံဖြည့်တင်းပေးခြင်း မရှိတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကြီးအကဲတွေကို နောက်တန်းကစားသမား လီဆန်ဒရို မာတီနက်ဇ်က ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်လိုက်ပါတယ်။
ဒီမနက်အစောပိုင်းက စပိန်မှာကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ယူအသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကို ၂ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခုလို ဝေဖန်လိုက်တာပါ။
အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဂျေးဆန် ဝေးကော့ခ်စ်ဘက်က ပိုမိုရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးဖို့ မျှော်လင့်ခဲ့တာဖြစ်ကာ အသင်းရလဒ် ဆိုးရွားချိန်မှာ နည်းပြတယောက်တည်းကိုပဲ ပြောင်းလဲနေလို့ မရဘူးလို့ မာတီနက်ဇ်က ပြောပါတယ်။
မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ၃ ယောက်အတွက် ပေါင် ၁၅၅ သန်း သုံးစွဲခဲ့ပေမဲ့ တိုက်စစ်နဲ့ နောက်တန်းနေရာတွေမှာ လိုအပ်နေတဲ့ ကစားသမား ဖြည့်တင်းမှုကို ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။











