
မန္တလေးတိုင်း၊ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဌေးကိုယ်စား ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ဇနီးဒေါ်ကြည်ကြည်ခိုင်နဲ သမီးမသိမ့်စန္ဒီစိုး အပါအဝင် အိုးဘိုထောင်ထဲရောက်နေတဲ့ မိုးကုတ်မြို့က ဖမ်းဆီးခံ ပြည်သူ အယောက် ၇၀ အောက်တိုဘာ ၁၈ ရက်က ပြန်လွတ်လာတယ်လို့သိရပါတယ်။
"ဒီနေ့လွတ်တာက မိန်းကလေး ၃ ယောက်၊ ယောကျ်ားလေး ၇၇ ယောက်၊ အစက လွတ်ပေးမယ်ဆိုတာကိုမသိဘူး၊ အထုတ်သိမ်းဆိုတော့ ထောင်ကြီးထဲရွေ့မယ်ထင်ထားတာ၊ ပြန်လွတ်မယ်လို့ပြောမှ လွတ်မှာသိတာ "လို့ ဦးစိုးဌေးရဲ့ သမီးဖြစ်သူကပြောပါတယ်။
မိုးကုတ်မြို့က ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး သူတို့ကို အိုးဘိုထောင်တွင်းက ယာယီဆောင်မှာထားခဲ့တာလို့ သိရပါတယ်။
အလားတူ မိုးကုတ်မြို့က အန်အယ်ဒီ ပါတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ ရေပူကျောင်းဆရာတော်နဲ့ ဦးဇင်း ဦးရေဝတတို့လည်း ပြန်လွတ်လာပါတယ်။
ပြန်လွတ်လာတဲ့အယောက် ၇၀ ထဲက တချို့က အောက်တိုဘာ ၁၈ ရက် ည ကတည်းက မိုးကုတ်ကိုပြန်တက်လာပြီဖြစ်တယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်မှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။
အောက်တိုဘာ ၁၈ ရက်မှာ မန္တလေး အိုးဘိုအကျဉ်းထောင်က အကျဉ်းသား အယောက် ၈၀ ပြန်လွှတ်ပေးလိုက်ပြီး ရန်ကုန်အင်းစိန်ထောင်က အကျဉ်းသား ၆၄၇ ဦး လွှတ်ပေးလိုက်တယ်လို့ ဒီနေ့ထုတ် သတင်းစာတွေမှာဖော်ပြထားပေမယ့် လွတ်လာပြီးနောက် ပြန်အဖမ်းခံရသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။