
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အကျဉ်းထောင်ကနေ အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက ရွှေဘိုမြို့ NLD ဥက္ကဋ္ဌ ဦးခင်မောင်ရွှေနဲ့ စစ်ကိုင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းအပါအဝင် အကျဉ်းသား ၂၇ ဦး လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
“ဒီနေ့ အမိန့်ချပြီးသားတွေ လွှတ်တာလို့ပြောတယ်။ မနက်ဖြန်တော့ အမှု့စစ်ဆေးဆဲတွေ လွှတ်ပေးမယ်လို့တော့ သိရတယ်။ ရွှေဘိုက NLD ဥက္ကဋ္ဌနဲ့ စစ်ကိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါတယ်လို့တော့ ကြားတယ်” လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။
ရွှေဘိုအကျဉ်းထောင်ကနေ လွှတ်ပေးသူ ၂၇ ဦးရှိပြီး အမျိုးသား ၂၅ ဦးနဲ့အမျိုးသမီး ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။