DVB Logo
Home
မြန်မာသတင်း
ဘဏ်တွင်ရွှေအပ်နှံပြီး Paper Gold ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ရန် ဆောင်ရွက်
DVB
·
October 17, 2021
ဘဏ်တွင်ရွှေအပ်နှံပြီး Paper Gold ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ရန် ဆောင်ရွက်
Donate to DVB

ဘဏ်မှာ ရွှေအပ်နှံပြီး Paper Gold (စက္ကူရွှေ) အနေနဲ့ ဘဏ်ကတဆင့် အရောင်းအဝယ် ပြုလုပ်နိုင်မယ့် အစီအစဉ်တစ်ခု အကောင်အထည်ဖော်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

Paper Gold (စက္ကူရွှေ)နဲ့ အရောင်းအဝယ်ပြုလုပ်တဲ့ စနစ်ဆိုတာက ရွှေကို ဘဏ်မှာအပ်နှံပြီး ဘဏ်က ရွှေနဲ့တန်ဖိုးညီမျှတဲ့ (Gold Certificate Card) ပိုင်ဆိုင်မှု အသိအမှတ်ပြုကတ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။

ရွှေအစား ဘဏ်ကထုတ်ပေးတဲ့ အဆိုပါကတ်ကို အသုံးပြုပြီး အရောင်းအဝယ် ပြန်လည်ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

“နိုင်ငံတကာအဆင့်မီ ရွှေစျေးကွက်ကို ဖော်ဆောင်နိုင်အောင်လို့ Paper နဲ့ ချိတ်ဆက်ပြီးတော့ ဘဏ်ကနေ ရွှေရောင်းပေးမယ့် အစီအစဉ်ဖြစ်ပါတယ်” လို့ အောက်တိုဘာ ၁၆ ရက်နေ့က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အသင်းဥက္ကဋ္ဌဖြစ်တဲ့ ဦးမျိုးမြင့်က ပြောပါတယ်။

ဒီစနစ် ဖော်ဆောင်ခြင်းအားဖြင့် နိုင်ငံတကာအဆင့်မီ ရွှေစျေးကွက် ဖြစ်လာနိုင်တဲ့အပြင် ရွှေစျေးနှုန်းကိုလည်း တည်ငြိမ်စေနိုင်တယ်လို့ အသင်းက ဆိုပါတယ်။ လတ်တလောမှာ ယင်းစနစ် အကောင်အထည်ဖော်နိုင်ဖို့ ပြည်တွင်းဘဏ်တစ်ခုဖြစ်တဲ့ ရွှေဘဏ်နဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ အသင်းက ထုတ်ပြန်ထားပါတယ်။

ဒီကနေတဆင့် ရွှေကို အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့အထိ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း အသင်းကနေ သိရပါတယ်။ 

“ကမ္ဘာ့စနစ်နဲ့ မြန်မာ့စနစ် ပူးတွဲပြီးတော့ ရောင်းနိုင်ဝယ်နိုင်တဲ့အဆင့်အထိ ဖြစ်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ နိုင်ငံရဲ့ ငွေကြေးစနစ်၊ ဘဏ်တွေရဲ့ငွေလည်ပတ်မှု၊ နောက် ကျနော်တို့ရဲ့ Wifi ခဏခဏပျက်နေတဲ့ ကိစ္စတွေ၊ ဒါတွေအားလုံး ပြည့်စုံသွားရင်တော့ ရွှေဘဏ်နဲ့ အွန်လိုင်းက ချိတ်ဆက်ပြီး အရောင်းအဝယ်လုပ်လို့ရအောင်၊ ကုန်သည်တွေလည်း အားလုံး အွန်လိုင်းကနေ အရောင်းအဝယ်လုပ်လို့ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ အသင်းဥက္ကဋ္ဌက အစည်းအဝေးမှာ ပြောပါတယ်။ 

လက်ရှိနိုင်ငံရေး အခြေအနေ၊ ပုံမှန်မလည်ပတ်နိုင်သေးတဲ့ ဘဏ်စနစ်တွေကြောင့် အဆိုပါ Paper Gold (စက္ကူရွှေ) ရောင်းဝယ်မှုမှာ လူအနည်းငယ်သာ ပါဝင်လာနိုင်ပြီး အောင်မြင်နိုင်ဖို့ ခဲယဉ်းနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ကျပ်ငွေနဲ့ ပြည်တွင်းဘဏ်စနစ်အပေါ် အများပြည်သူရဲ့ ယုံကြည်မှု လျော့ကျခဲ့ပြီး  ရွှေစျေးလည်း တရိပ်ရိပ်မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ ၁ ကျပ်သားကို ကျပ် ၂၂ သိန်းကျော်ထိ စံချိန်တင် အမြင့်ဆုံးစျေးကို ရောက်ရှိခဲ့ပြီး လတ်တလောမှာတော့ ကျပ် ၁၈ သိန်းအထက်မှာပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013