DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် အကြမ်းဖက်မှုကြောင့် ချင်းပြည်သူ ၅ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ
DVB
·
October 16, 2021
စစ်ကောင်စီတပ် အကြမ်းဖက်မှုကြောင့် ချင်းပြည်သူ ၅ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ
Donate to DVB


ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူ ၅၀,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ 

စစ်ကောင်စီ လမ်းကြောင်းတလျှောက် ကျေးရွာတွေမှာ စစ်သားတွေက သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာတွေ တန်ဖိုးရှိပစ္စည်းတွေကို လုယက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

အောက်တိုဘာ ၁၄ ရက်မှာ စစ်ကောင်စီက ဖလမ်းမြို့နယ်၊ ရီသီးလ်ကျေးရွာ ဘုရားကျောင်း အပါအဝင် တစ်ရွာလုံးနဲ့ တလန်ရောန်ကျေးရွာက အိမ် ၁၂ လုံးကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ 

စစ်အာဏာသိမ်းမှုဟာ ချင်းတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို ရိုက်ချိုးစော်ကားတယ်လို့ ခံစားရတဲ့အတွက်ကြောင့် ချင်းတိုင်းရင်းသားတွေက အသေခံပြီး ခုခံကာကွယ်နေတာလို့ ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့စက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။ 

“ဒီကိစ္စတွေဟာ NLD နဲ့စစ်တပ်ကြားထဲမှာဖြစ်တဲ့ ပြဿနာမဟုတ်ဘူးဆိုတာ ချင်းလူထုက ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။  ဒါဟာ စစ်တပ်နဲ့ ပြည်သူတွေ၊ စစ်တပ်နဲ့ တိုင်းရင်းသားတွေကြားမှာဖြစ်တဲ့ ပြဿနာဖြစ်တယ်။ ကျနော်တို့မှာ လက်နက်အင်အားရှိလို့ တိုက်နေတာ မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်ဝါဒီတွေ မဟုတ်ဘူး။ ခုခံတွန်းလှန်မှု မပြုရင်ကိုက ကိုယ့်ကိုယ်ကိုယ်အပေါ် တိုင်းပြည်လူမျိုးအပေါ်မှာ တာဝန်မကျေဘူး။ ဒါကြောင့် ရှိတဲ့အင်အားနဲ့ ခုခံမယ့်လမ်းကို ရွေးကြတာဖြစ်တယ်။”

မတ်လကစတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်တလန်၊ ပလက်ဝ၊ မတူပီ၊ ဟားခါးမြို့တွေက စစ်ဘေးရှောင်ရတဲ့ ပြည်သူစုစုပေါင်း ၅ သောင်းကျော်အထိ ရှိလာပါတယ်။ ဒါဟာ ချင်းပြည်နယ်လူဦးရေ ၅ သိန်းကျော်ထဲက ၁၀ရာခိုင်နှုန်း အထိ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ 

ချင်းပြည်နယ်မှာ မြို့နယ်အခြေပြု CDF အဖွဲ့ ၉ ဖွဲ့နဲ့ လူမျိုးစုအခြေပြုကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့တို့က ရှိတဲ့လက်နက်နဲ့ ကြိုးစားပြီး ခုခံကာကွယ်နေတာလို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

“လူငါးသိန်းရှိတဲ့ပြည်နယ်ထဲမှာ လူငါးသောင်းလောက်က ပြေးလွှားနေရပြီဆိုတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် ၈ လအကြာမှာ ချင်းပြည်နယ်ထဲက လူဦးရေ ၁၀ ရာခိုင်နှုန်းလောက်က ဒုက္ခသည်တွေဖြစ်သွားတယ်။ စစ်အာဏာသိမ်းမှုဟာ ချင်းပြည်နယ်အတွက် ကောင်းကျိုးဘာမှမရှိဘူးဆိုတာ နံပါတ် ၁တွေ့ရတယ်။”

စစ်ကောင်စီက ဆက်သွယ်သွားလာရေးလမ်းကြောင်းတွေအားလုံးကို ဖြတ်တောက်ထားတာကြောင့် ချင်းပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်တဲ့ အခြေအနေ ရင်ဆိုင်နေရပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေပေးဖို့ ချင်းပြည်နယ်ဒေသခံနို င်ငံရေးသမားတစ်ဦးက မေတ္တာရပ်ခံပါတယ်။ 

စစ်ကောင်စီက အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး  ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နဲ့ မြောက်ပိုင်းက ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်တို့ကို စစ်ကြောင်း ၂ ခုခွဲပြီး အင်အားအလုံး အရင်းနဲ့ထိုးစစ်ဆင်ခဲ့တာပါ။ 

ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုနေပြီး ရဟတ်ယာဉ်တွေ၊ တင့်ကားတွေနဲ့ အမြောက်တွေကိုလည်း သာလွန်အင်အားအဖြစ်အသုံးပြုနေပါတယ်။ 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သူဖေကျေးရွာသားနှစ်ယောက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်နေ့မှာ ပစ်သတ်ခဲ့သလို အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီလမ်းကြောင်းတလျှောက် ကျေးရွာတွေကို အကြမ်းဖက်မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

အောက်တိုဘာ ၁၅ ရက်နေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ ဒေသခံ CDF တွေ အပြန်အလှန်စောင့်ကြည့်နေကြပြီး ထိတွေ့မှုတော့ မရှိသေးပါဘူး။ 

စစ်ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ် CNO က တုံ့ပြန်သွားမယ်လို့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013