DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 12, 2021
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဘုတလင်မြို့နယ်နဲ့ အရာတော်မြို့နယ်အတွင်းမှာ သွားလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ စစ်ယာဉ်တန်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက အောက်တိုဘာ ၁၂ ရက် ဒီကနေ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။  

ပုလဲမြို့နယ်မှာ ဒီနေ့ မနက် ၄ နာရီလောက်က စစ်ယာဉ်တန်းတွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပုလဲပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ အကြီးအကဲဗိုလ်နဂါးက  “ကျနော်တို့ ပုလဲမြို့နယ် ကန်ဒေါင့်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို‌ နှစ်နေရာခွဲ မိုင်းဆွဲခဲ့တာဗျ။ အကျအဆုံးကတော့ များမယ်။ အတိအကျတော့ မပြောနိုင်ဘူးဗျ။ စစ်ကားတွေ မီးလောင်တာတွေတော့ မြင်ရတယ်။ ကားအပျက်အစီးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က‌ အကျအဆုံးရှိနေတာကြောင့် ဒေသတွင်းရှိ ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေ ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ရွာသားတွေကို သေနတ်နဲ့ ပစ်သတ်တာတွေ နေ့စဉ် ရှိတယ်လို့လည်း ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့နယ်မှာလည်း ဒီနေ့မနက် စစ်ယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း  ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက  “ကျနော်တို့ ဘုတလင်နယ်ကတော့ ဒီနေ့မနက်က နေရာ ၅ နေရာလောက်ခွဲပြီး စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်တယ်။ သူတို့ဘက်က အထိအခိုက် အကျအဆုံးကတော့ များမယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ကျနော်တို့ တိုက်ခိုက်လို့ သူတို့ကားတွေ အပြေးမောင်းပြေးပြီး စိုင်ပြင်ရဲစခန်းထဲ မောင်းပြေးသွားကြတာ” လို့ ပြောပါတယ်။

ဒီနေ့‌ မနက် ၁၁ နာရီလောက်ကလည်း  စစ်ကား  ၅ စီးကို  ရေဦး၊ မုံရွာကားလမ်းမကြီးအပေါ်မှာ ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲခံရတာရှိတယ်လို့ ဆိုပါတယ်။

“မနက်က အဆွဲခံရတဲ့ စစ်ကားတချို့ပါဗျ။ ဒီကောင်တွေ ရေဦးဘက်ဆက်မသွားရဲလို့ စိုင်ပြင်ရဲစခန်းထဲကနေ မုံရွာဘက်ပြန်ကြတာ။ အဲတာကို မိုင်းဆွဲခံရတာ။ အပျက်စီးကတော့ မနက်ကလည်းများ နိုင်သလို၊ အခုလည်းများနိုင်တယ်။ သူတို့ဘက်က မနက်ကကျဆုံးထိခိုက်၊ ဒဏ်ရာရတဲ့သူတွေ တင်လာတဲ့ လူနာတင်ကားကတော့ အခု ပျက်စီးထိခိုက်ထားတယ်”လို့ ဒေသခံ ဘုတလင်ပြည်သူကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း မိုင်းပေါက်ကွဲရာနေရာ အနီးက ရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ ရွာထဲ လာရောက်အမွေခံရမှာ ကြောက်တာကြောင့် တချို့ နေရပ် စွန့်စွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူစစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ပါရမီရွာနဲ့ ကြာပင်လှရွာကြားမှာ သွားလာလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) ရဲ့ မြောက်ပိုင်းညီနောင်များအဖွဲ့က အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက နှစ်ကြိမ်တိုင်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ရဲအရာရှိပါတဲ့ ပေါင်မုန့်ကားတစ်စီးနဲ့ ဆိုင်ကယ်တွေကို မနက် ၅ နာရီခွဲမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က ခဏပြန်ပစ်ခတ်ပြီး အရာတော်ဘက်သို့ ပြန်လှည့်ပြေးသွားတယ်။ နောက်တကြိမ် မနက် ၇ နာရီလောက်မှာ  ဒိုင်နာကား၊ သုံးဘီးတွေကို အသုံးပြုသွားလာနေတဲ့ ယာဉ်တန်းကို ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်တယ်။ ဒိုင်နာကားပေါ်က စစ်သားတွေ ထိခိုက်ဒဏ်ရာရသွားပြီး ရမ်းသန်း ပစ်ခတ်တာတော့ လုပ်သေးတယ်။ ပြီးတော့ ဒဏ်ရာရသူတွေ တင်ပြီး ပြန်သွားကြတယ်” လို့ မြောက်ပိုင်း ARA ဗိုလ်ပေါက်စီက အတည်ပြုပြောပါတယ်။

အရာတော်မြို့နယ်က တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီယာဉ်တန်းတွေကို အောက်တိုဘာ ၆ ရက်၊ ၁၁ ရက်တွေမှာလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း  အခုအောက်တိုဘာလမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ဆင်ရေးလုပ်နေရာမှာ  တဘက်ကဒေသခံကာကွယ်ရေးတပ်တွေကလည်း ပြန်လည်ခုခံ မိုင်းဆွဲ တိုက်ခိုက်တာတွေ အများအပြား ပြုလုပ်တာကြောင့် စစ်ကောင်စီတပ်သား အကျအဆုံးရှိနေတယ်လို့  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013