DVB Logo
Home
မြန်မာသတင်း
လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ဒသမ ၇ ဘီလီယံကျော် ဝင်ရောက်
DVB
·
October 6, 2021
လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ဒသမ ၇ ဘီလီယံကျော် ဝင်ရောက်
Donate to DVB

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အစကနေ ဘဏ္ဍာနှစ်ပြည့်ဖို့ တစ်လအလို သြဂုတ်လကုန်အထိ မြန််မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံသာဝင်ရောက်ပြီး  ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ကို ပြည့်မီဖို့ ၂ ဘီလီယံနီးပါး လိုအပ်နေပါသေးတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ သြဂုတ်လကုန်အထိ ၁၁ လတာအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံကျော်ရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅ ခုကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အများဆုံး ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့တဲ့ကဏ္ဍကတော့ စွမ်းအင်ကဏ္ဍဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၈၀ ကျော်အထိကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။  ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၇ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံး ခွင့်ပြုပေးခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၂၁ ဘီလီယံအထိ ရှိပါတယ်။ 

ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကန် ဒေါ်လာ ၂၆၂ သန်းကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍမှာ ကန်ဒေါ်လာ ၁၃၃ သန်းကျော်၊ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍမှာ ကန်ဒေါ်လာ ၈၁ သန်းကျော်၊ အခြားဝန်ဆောင်မှုကဏ္ဍတွေမှာ ကန်ဒေါ်လာ ၁၀၃ သန်းကျော်၊ စက်မှုကဏ္ဍမှာ ကန်ဒေါ်လာ ၂၈ သန်းကျော်နဲ့ မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍမှာ ကန်ဒေါ်လာ ၁၉ သန်းကျော်၊ စိုက်ပျိုးရေးကဏ္ဍမှာ ကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်၊ အိမ်ခြံမြေ ကဏ္ဍမှာ ကန်ဒေါ်လာ ၈ သန်းနဲ့ အသီးသီး ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တွေ ဝင်ရောက်မှုပမာဏ လျော့ကျသွားတဲ့အပြင် ပြည်တွင်းမှာ စီးပွားရေး လုပ်ကိုင်ရ မလွယ်ကူတာတွေကြောင့် မြန်မာနိုင်ငံထဲက ဆုတ်ခွာသွားတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ၊ အကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေများစွာ ရှိနေပါတယ်။

ဥပမာဆိုရင် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံက သူ့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချတာ ၊ထိုင်းနိုင်ငံက အကြီးစား အိမ်ခြံမြေကုမ္ပဏီ Amata အုပ်စုက မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းကို ရပ်ဆိုင်းလိုက်တာ၊ ဂျာမနီ လက်ကားကုမ္ပဏီ METRO Wholesale က မြန်မာနိုင်ငံကလုပ်ငန်းကို ရပ်ဆိုင်းတာတွေပါ။

ဒါ့အပြင် ပြည်တွင်း မြန်မာနိုင်ငံသားပိုင်လုပ်ငန်းတွေဟာလည်း လက်ရှိ စီးပွားရေး လုပ်ကိုင်ရ ခက်တဲ့ အနေအထား၊ ငွေတန်ဖိုးမငြိမ်တာ၊ ကုန်ကြမ်းစျေးတက်တာတွေကြောင့် လုပ်ငန်းယာယီ ရပ်ဆိုင်းကြောင်း ကြေညာလာကြတာတွေလည်း ရှိလာပါတယ်။ ဒီအချက်တွေကြောင့် ပြည်တွင်း မှာ အလုပ်လက်မဲ့နှုန်းလည်း များလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013