DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် လျော့နည်းကျဆင်း
DVB
·
October 3, 2021
မြန်မာ့ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် လျော့နည်းကျဆင်း
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ပကုန်သွယ်မှုလုပ်ငန်းတွေ နှေးကွေးသွားတာကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်  အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅ ဘီလီယံကျော် လျော့နည်း ကျဆင်းသွားတယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းအရသိရပါတယ်။

စီးပွားကူးသန်းဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ မြန်မာ့ပို့ကုန်ကဏ္ဍမှာ အဓိကကျတဲ့ အထည်ချုပ်နဲ့ သတ္တုတွင်းထွက်ပစ္စည်း ပို့ကုန်တင်ပို့မှု လျော့ကျခဲ့သလို၊  စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း တုံ့ဆိုင်းသွားတာကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သွင်းကုန်တင်သွင်းမှုမာဏတွေလည်း လျော့ကျနေတာတွေ့ရပါတယ်။

လယ်ယာထွက်ကုန်ပစ္စည်းကလွဲပြီး ပုံမှန်တင်ပို့နေကျ ပို့ကုန်အားလုံး တင်ပို့နိုင်မှု လျော့ကျခဲ့တာကြောင့် နိုင်ငံခြားပို့ကုန် တင်ပို့မှုတန်ဖိုး အရင်နှစ်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် လျော့နည်းခဲ့ပြီး သွင်းကုန်တင်သွင်းမှု တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော် လျော့ကျခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးဟာ နယ်စပ်ကုန်သွယ်ရေး၊ ပုံမှန်ကုန်သွယ်ရေး နည်းလမ်း နှစ်မျိုးနဲ့ ဆောင်ရွက်နေတာပြီး လက်ရှိ နိုင်ငံရေးအခြေအနေနဲ့  ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အဆိုပါလမ်းကြောင်းနှစ်ခုစလုံးမှာ ကုန်သွယ်နိုင်တဲ့ပမာဏ လျော့ကျနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့နှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ ၁၁ လကျော် ကာလအတွင်းမှာ အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံကျော်ဖိုး နိုင်ငံခြားနဲ့ ကုန်သွယ်နိုင်ခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းယူထားတဲ့ အခု ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ပို့ကုန်နဲ့ သွင်းကုန် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်သာ ကုန်သွယ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်  နိုင်ငံတကာကုန်သွယ်မှု အပါအဝင် စီးပွားရေး လုပ်ငန်းတွေအားလုံးဟာ နှေးကွေး ကျဆင်းနေတာဖြစ်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ပြည်ပကို ကုန်ပစ္စည်းတင်ပို့နိုင်မယ့် အခွင့်အလမ်းတချို့ လက်လွှတ်ဆုံးရှုံးလိုက်ရတာလည်း ရှိပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အားလုံးနီးပါး ကုန်သွယ်မှု ရပ်တန့်နေပြီး၊ ပင်လယ်ရေကြောင်း တင်ပို့မှုမှာလည်း ကွန်တိန်နာ ကုန်သေတ္တာရှားပါးမှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။

အခုလို ပြည်ပပို့ကုန်တင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေရရှိမှု လျော့နည်းရရှိခြင်းရဲ့ အကျိုးဆက်ကြောင့် ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းပြီး၊ ဒေါ်လာဈေးနှုန်းကို မြင့်တက်စေပါတယ်။ ဒေါ်လာငွေလဲနှုန်း မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းကို လည်း မြင့်တက်စေနိုင်ပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းဟာ စစ်တပ်က အာဏာသိမ်းထားပြီး ၈ လအတွင်း ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ 

စစ်ကောင်စီကတော့ ဒေါ်လာဈေး မြင့်တက်တာကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းဒေါ်လာ သုံးစွဲမှုကို လျှော့ချဖို့အတွက် ဈေးကွက်အတွင်း ဒေါ်လာအမြောက်အမြား ထုတ်ရောင်းခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ပြီးခဲ့တဲ့  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုတွေရှိခဲ့ပေမဲ့  မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံနီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013