
ထိုင်းနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားခရီးသည်တွေအတွက် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ စည်းမျဉ်းသစ်တွေကို စက်တင်ဘာ ၁၅ ရက်ကစပြီး စတင်ကျင့်သုံးမှာဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးက ကြေညာထားပါတယ်။
ဒီကြေညာချက်ဟာ မြန်မာနိုင်ငံကနေ ဆိုက်ရောက်ဗီဇာ (Visa on Arrival - VOA) နဲ့ လာရောက်မဲ့ ခရီးသွားတွေအပေါ် ထူးခြားတဲ့ ပြောင်းလဲသက်ရောက်တာမျိုး မရှိကြောင်း သိရပါတယ်။
ထိုင်းအစိုးရဟာ အရင်က နိုင်ငံနဲ့ ဒေသ ၉၃ ခုအတွက် သတ်မှတ်ထားတဲ့ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်စနစ်ကို ပယ်ဖျက်ပြီး နိုင်ငံနဲ့ ဒေသ ၆၀ အတွက် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်စနစ်ကို ပြန်လည်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ ၆၀ ရက် ဗီဇာကင်းလွတ်ခွင့်စနစ်မှာ ပါဝင်တာ မဟုတ်ဘဲ နှစ်နိုင်ငံ သဘောတူညီချက်အရ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်စနစ် ဆက်လက်ရှိနေမှာ ဖြစ်တာကြောင့် အသစ်ပြောင်းလဲလိုက်တဲ့ ဗီဇာကင်းလွတ်ခွင့်က မြန်မာနိုင်ငံ ခရီးသွားတွေအပေါ် ထူးခြားတဲ့သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံကနေ ထိုင်းကို နှစ်စဉ်လာရောက်လေ့ရှိတဲ့ ခရီးသွားတယောက်က “အရင်ကတည်းက ကိုယ်တွေက ဗီဇာဖရီးက ၁၄ ရက်ပဲ ရတာဆိုတော့ အခု ရက် ၃၀ ဘာညာလျှော့လိုက်တာ ဘာမှတော့ မထူးခြားပါဘူး၊ ၁၄ ရက်ဖြစ်ဖြစ် တိုးရစ်ဗီဇာပဲ ဖြစ်ဖြစ် သူတို့ (မြန်မာနိုင်ငံ)ဘက်က ကျပ်ချင် ကျပ်နေတာပါ။ ထိုင်းဘက်ကတော့ အခု ကျပ်လိုက်တယ်ဆိုပေမဲ့ ထူးထွေပြီး သက်ရောက်တာမျိုး မဖြစ်မိပါဘူး” လို့ ပြောပါတယ်။
စည်းမျဉ်းသစ်အရ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်သူတွေအတွက်တော့ ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်မယ်ဆို ကုန်းလမ်းနယ်စပ်ဂိတ်ကနေ တနှစ်အတွင်း အများဆုံး နှစ်ကြိမ်သာ ဝင်ရောက်ခွင့်ပြုမဲ့ ကန့်သတ်ချက်ကိုလည်း ပြန်လည်တင်းကျပ်ကျင့်သုံးမှာ ဖြစ်ပါတယ်။
လေကြောင်းကနေ ဝင်ရောက်သူတွေအပေါ် ဒီကန့်သတ်ချက် မသက်ရောက်ပေမဲ့ Visa Run ပြုလုပ်ပြီး မကြာခဏ ဝင်ထွက်နေသူတွေကို လူဝင်မှုကြီးကြပ်ရေးက စိစစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုနေကြပါတယ်။
စက်တင်ဘာ ၁၅ ရက်မတိုင်မီ ထိုင်းနိုင်ငံကို ဝင်ရောက်ထားသူတွေကတော့ နိုင်ငံကူးလက်မှတ်မှာ သတ်မှတ်ပေးထားတဲ့ နေထိုင်ခွင့် နောက်ဆုံးရက်အထိ ဆက်လက်နေထိုင်နိုင်မှာဖြစ်ပြီး လက်ရှိနေထိုင်ခွင့်ကို အလိုအလျောက် ရက်တိုးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အလုပ်လုပ်ဖို့၊ စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စတွေအတွက်နဲ့ ခရီးသွားလာရေးမဟုတ်တဲ့ အခြားရည်ရွယ်ချက်တွေနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်မဲ့သူတွေအနေနဲ့ သင့်တော်တဲ့ ဗီဇာအမျိုးအစားကို လျှောက်ထားဖို့ လိုအပ်တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ့ တရားဝင် ဝက်ဆိုဒ်မှာ ကြေညာထားပါတယ်။











