
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်မှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက မိုင်းထိမှန်ပြီးတော့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရသွားတယ်လို့ YDF(ဆော&ကျောက်ထု)ကထုတ်ပြန်ပါတယ်။
ဆောမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့ မနက်ပိုင်းက ဆော-ကျောက်ထုလမ်းပိုင်းမှာ YDF(ဆော နဲ့ ကျောက်ထု) အထူးပြောက်ကျားတပ်ဖွဲ့နဲ့ CAF-MGPDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့်လည်း ညီနောင်မဟာမိတ်အဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘူးလို့ YDF တပ်ဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဆောမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အစပ်မှာ ပြီးခဲ့တဲ့ ၅ ရက်တာအတွင်းမှာလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါ တယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ အင်တာနက်လိုင်းတွေဖြတ်တောက်ပြီးတော့ ဆော-ကျောက်ထု လမ်းပိုင်းမှာ စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။