
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ ဇူလိုင် ၂၁ ရက် မနက်အစောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ခရီးသည် ၇ ယောက် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာ သတင်းတွေအရ တခြား ခရီးသည် ၅ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဘတ်စ်ကားဟာ လမ်ဒေါင်းပြည်နယ်ကနေ စီးပွားရေးမြို့တော်ဖြစ်တဲ့ ဟိုချီမင်းကို မောင်းနှင်လာချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
ထိုင်ခုံ ၂၄ ခုံပါတဲ့ အဲဒီယာဉ်ကို မီးတောက်တွေ ခဏချင်း ဝါးမြိုသွားခဲ့ပြီး ခရီးသည်တွေလည်း ကားထဲမှာ ပိတ်မိသွားခဲ့တာလို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters











