
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာကနေ ဂန့်ဂေါနယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ ယာဉ်တန်းပါ ကား ၃ စီး လယ်ဓမ္မရွာအနီး စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။
“မနက်က စစ်ကောင်စီ အသုံးပြုလာတဲ့ မှန်လုံကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲတယ်။ သုံးစီးလုံး မိတယ်။ ကားဘေးက မှန်တွေ အကုန်ကွဲသွားတယ်ဗျ။ သေဆုံးမှုနဲ့ အထိအခိုက်ကတော့ မသိရဘူး။ ဒီကောင်တွေ မိုင်းမိပြီး ကန်ဒေါင့်ရွာဆီ အပြေးမောင်းသွားတာဗျ။ ပုလဲ-ဂန့်ဂေါလမ်းကို ခရီးသည်တင်ယာဉ်တွေ စီးပွားရေးသမားရဲ့ ကုန်ကားတွေ မလာကြဖို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။ တကယ်လို့ တားမြစ်ချက်ကို မလိုက်နာဘဲ လာခဲ့မယ်ဆိုရင်တော့ ပုလဲ PDF တပ်ဖွဲ့က အာမ မခံဘူး” လို့ ပုလဲPDFခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်အတွင်း စစ်ကားတွေနဲ့ အသွားအလာမလုပ်ဘဲ အရပ်သုံးကားတွေကို သုံးပြီး ကျေးရွာတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်တာတွေ နေ့စဉ် လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာနဲ့ ကန့်ထောင့်ကျေးရွာကြားမှာရှိတဲ့ ဦးနှောက်လမ်းခွဲမှာ စစ်ကောင်စီတပ်သား အပြည့်ပါလာတဲ့ကား တစီး မိုင်းထိမှန်ခဲ့ပါတယ်။