DVB Logo
Home
မြန်မာသတင်း
ဆုန်ခရန်ရေကစားပွဲတွင် ထိုင်းရောက်မြန်မာများ စည်းကမ်းတကျ ပါဝင်ဆင်နွှဲရန် တိုက်တွန်း
ဇွဲသစ်
·
April 10, 2026
ယမန်နှစ် ထိုင်းဆုန်ခရန် ဘန်ကောက်တွင် ရေကစားနေသူများ။ (Photo: REUTERS/Chalinee Thirasupa)
ယမန်နှစ် ထိုင်းဆုန်ခရန် ဘန်ကောက်တွင် ရေကစားနေသူများ။ (Photo: REUTERS/Chalinee Thirasupa)
Donate to DVB

ထိုင်းမှာ ကျင်းပဖို့ရှိတဲ့ ၂၀၂၆ ခုနှစ် ဆုန်ခရန် ရေကစားပွဲတော်မှာ ဘေးကင်းလုံခြုံဖို့ စည်းကမ်းချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့အတွက် သန်းနဲ့ချီရှိတဲ့ ထိုင်းရောက် မြန်မာတွေ စနစ်တကျ လိုက်နာကြဖို့ ထိုင်းရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက သတိပေးပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနှစ် ၂၀၂၆ ခုနှစ် ကျင်းပမဲ့ ဆုန်ခရန်သင်္ကြန် ရေကစားပွဲမှာ “Alcohol ကင်းစင်၊ ဘေးရန်ကင်းစင် ဆုန်ခရန်” ဆိုတဲ့ စီမံချက်နဲ့ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပြီး အထူးသဖြင့် ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုနဲ့ လူသေဆုံးမှု လျှော့ချဖို့ အဓိက ရည်ရွယ်ထားပါတယ်။

စည်းကမ်းချက်တွေထဲမှာ အရက်သေစာသောက်ပြီး ယာဉ်မောင်းတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး သွေးထဲ အယ်လ်ကိုဟော ပမာဏ သတ်မှတ်ချက် ကျော်လွန်ပါက ထောင်ဒဏ် တနှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ချမှတ်နိုင်ပါတယ်။ ၂ နှစ်အတွင်း ထပ်မံကျူးလွန်သူတွေကို ပြစ်ဒဏ် ထပ်တိုးမယ်လို့လည်း သိရပါတယ်။

MHAC အဖွဲ့မှ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ဒီနှစ်သင်္ကြန်မှာ စစ်ဆေးမှုတွေ တင်းကျပ်မယ်လို့ ထုတ်ပြန်ထားတာတွေအရ သိရတယ်။ နောက်တချက် အရေးကြီးဆုံးက သင်္ကြန်မှာ လူစုလူဝေးရှိတဲ့နေရာတွေမှာ ယာဉ်မောင်း ကားမောင်း ဆိုင်ကယ်မောင်းသွားတဲ့အခါ အရက်သေစာ မသောက်စားထားဖို့ အဓိကပေါ့။ အကယ်လို့ ယာဉ်မောင်းလိုင်စင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရက်သေစာ သောက်စားထားပြီး ယာဉ်မောင်းတာ တွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်တယ်။ ဒါတွေကို အထူးသတိပေးချင်တယ်။ သင်္ကြန်တွင်းမှာ လူငယ်သဘာဝ သောက်ကြစားကြတာ ရှိတယ်။ မိမိတို့ အစုအဖွဲ့နဲ့အတူ မိမိတို့နေထိုင်ရာ ဧရိယာအတွင်းမှာပဲ သောက်ကြ စားကြမယ် ဆိုရင်တော့ အဆင်ပြေတယ်။ လမ်းပေါ်ထွက်ပြီး လူစုလူဝေးနေရာမှာ သောက်ကြ စားကြမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ အဲဒါကိုပဲ အထူးသတိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ဆုန်ခရန်ကာလအတွင်းမှာ ရေဆော့ကစားတဲ့အခါ ဖိအားပြင်းတဲ့ ရေပြွတ်တံ၊ ပိုက်တွေနဲ့ ပက်တာတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ အသုံးပြုတာတွေကို တားမြစ်ထားပြီး ချိုးဖောက်ရင် ထောင်ဒဏ် ၂ နှစ်အထိ ဒါမှမဟုတ် ဒဏ်ငွေချမှတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

အရက်ရောင်းချမှုကိုလည်း အချိန်ကန့်သတ်ထားပြီးတော့ အသက် ၂၀ နှစ်အောက် လူငယ်တွေကို မရောင်းချရဘူးလို့ သတ်မှတ်ထားပါတယ်။ ယာဉ်အသုံးပြုမှုအပိုင်းမှာ ကားခေါင်မိုးပေါ် တက်ကစားတာ၊ ဟိုင်းလပ်စ် ကားနောက်ခန်းမှာ ရေကစားခွင့် ပြုပေမဲ့ နောက်ခန်းဘောင်ပေါ် တက်ထိုင်တာ၊ ယာဉ်အမြန်မောင်းတာတွေကို သေချာ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ချင်းမိုင်ရောက် မြန်မာတယောက်ဖြစ်တဲ့ ကိုပြည့်စုံက “ခရီးသွားတာပဲဖြစ်ဖြစ် လည်တာပဲဖြစ်ဖြစ် ဒီကာလမှာ စိတ်လွတ်ကိုယ်လွတ် အရက်သောက်ပြီး လည်တာပတ်တာ၊ ခရီးသွားတာ မလုပ်တာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ စစ်ဆေးတဲ့နေရာတွေက တနေရာနဲ့တနေရာ မတူဘူး။ ရှိတဲ့နေရာတွေက ခန့်မှန်းလို့မရဘူး။ အတတ်နိုင်ဆုံး ဆုန်ခရန် ကာလမှာ အရက်ဘီယာ သောက်တာတော့ သေချာလေး ရှောင်သင့်တယ်။ အဲဒါမှ အားလုံးနဲ့ လိုက်လျောညီထွေ အဆင်ပြေနိုင်မယ် ထင်တယ်။ ပြဿနာတခုခု တက်ပြီဆိုရင် မြန်မာနိုင်ငံသားဆိုပြီး ခေါင်းစဉ်တပ်ခံရတာ မဖြစ်ရအောင် သူတို့ပြောတဲ့ စည်းကမ်း ၈ ချက်ကို မလုပ်မိအောင် သတိထားပြီး အေးအေးချမ်းချမ်း ပါဝင်ဆင်နွှဲသင့်တယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဆုန်ခရန် ကာလဟာ နှစ်စဉ် ယာဉ်မတော်တဆ အများဆုံးဖြစ်ပွားတဲ့ “အန္တရာယ် ၇ ရက်” လို့ ခေါ်ကြပြီး အထူးသဖြင့် အရက်သောက်ပြီး ကားမောင်းတာ၊ သတ်မှတ် အမြန်နှုန်းထက် ကျော်လွန် မောင်းတာတွေကြောင့် ယာဉ်မတော်တဆမှု၊ လူသေဆုံးမှု နှစ်စဉ် ဖြစ်ပွားလေ့ ရှိပါတယ်။

ဒါကြောင့် ထိုင်းရောက် မြန်မာတွေအနေနဲ့ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ဆုန်ခရန်ကာလ စည်းကမ်းချက်တွေကို လိုက်နာကြဖို့၊ ဘေးအန္တရာယ် သတိပေးချက်တွေကို အထူးဂရုစိုက်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013