
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မှာ ယာဉ်တိုက်မှု ၈၀၁ ကြိမ် ဖြစ်ခဲ့ပြီး လူ ၃၈၇ ယောက်သေဆုံး၊ ၈၄၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဆီက သိရပါတယ်။
၂၀၂၄ ခုနှစ်က ရန်ကုန်တိုင်းအတွင်းဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုနဲ့နှိုင်းယှဉ်ရင် သေဆုံးသူဦးရေ သိသိသာသာ လျော့နည်းသွားတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။
”၂၀၂၅ မှာဖြစ်တဲ့ ယာဉ်တိုက်မှုက ၂၀၂၄ နဲ့ယှဉ်ကြည့်ရင် သေဆုံးသူဦးရေ အတော်လေး နည်းသွားပါတယ်။ ၂၀၂၄ ခုနှစ်က ယာဉ်တိုက်မှု ၈၄၃ မှုရှိတယ်။ သေဆုံးသူ ၄၄၆ ယောက်နဲ့ ဒဏ်ရာရသူ ၉၄၄ ယောက်ရှိတယ်” လို့ ပြောပါတယ်။
အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအတွင်း ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှု ၂၅၅ ကြိမ် ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၂၅ ယောက်နဲ့ ဒဏ်ရာရသူ ၃၆၃ ယောက်ရှိတာကြောင့် ၂၀၂၅ ခုနှစ်ရဲ့ ၄ လတာ ယာဉ်တိုက်မှုနဲ့ယှဉ်ရင်တော့ ဒဏ်ရာရသူဦးရေ ပိုများလာပါတယ်။
ရန်ကုန်တိုင်းမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်စီးရေ ၅ သိန်းကျော်ရှိပြီး တနိုင်ငံလုံးက ယာဉ်စီးရေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိနေတာ ဖြစ်သလို လူဦးရေ ထူထပ်တာကြောင့်လည်း ယာဉ်တိုက်မှု များတာ လို့ သုံးသပ်ကြပါတယ်။
၂၀၂၃ ခုနှစ်ကတော့ ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှု ၅၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆၄ ယောက်၊ ဒဏ်ရာရသူ ၅၅၇ ယောက် ရှိပါတယ်။










