DVB Logo
Home
ကျန်းမာရေး
ကိုဗစ်ဖြစ်ပြီးနောက် ထိန်းမရအောင် စားလာခြင်း
DVB
·
September 19, 2021
ကိုဗစ်ဖြစ်ပြီးနောက် ထိန်းမရအောင် စားလာခြင်း
Donate to DVB

ကိုဗစ်ဖြစ်ပြီး တဲ့ လူနာတွေမှာ နာလန်ပြန်ထပြီးတဲ့အခါ ထိန်းမရအောင် စားပြီး ဝလာကြတာကို တွေ့ရပါတယ်။ တချို့ကလည်း ကိုဗစ်ဖြစ်တုန်းက ကောင်းကောင်းမစားနိုင်တဲ့အတွက် ခုချိန်မှာ အတိုးချပြီး စားကြတာဖြစ်သလို တချို့ကလည်း ကိုဗစ်ရဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့ စားချင်စိတ်ကို ထိန်းမရတာပါ။ ဘယ်လိုဖြစ်တာလဲဆိုတာ ကြည့်ကြရအောင်။

ဘာလို့ ကိုဗစ်ဖြစ်ပြီး မှ ပိုစားလာရတာလဲ။

ဒီနေရာမှာ ဖြစ်နိုင်ခြေ ၂ခုကို တွေ့ရပါတယ်။

ကိုဗစ်က တစ်ကိုယ်လုံးကို ရောင်ရမ်းစေတဲ့ ကူးစက်ရောဂါဖြစ်ပြီး ဒီထဲမှာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုလည်း ချန်ထားလို့မရပါဘူး။ ကိုဗစ်ဖြစ်ပြီးတဲ့ လူနာတွေမှာ Long hauler နောက်ဆက်တွဲ လက္ခဏာအနေနဲ့ အာရုံကြောပြဿနာတွေ ဖြစ်တဲ့ ခေါင်းကိုက်တာ၊ မူးတာ၊ အာရုံစူးစိုက်မရတာ၊ ခြေတုန်လက်တုန် ဖြစ်တာ စတာတွေ ခံစားရတာကို တွေ့ရပါတယ်။ ခုပြောမယ့် ကိုဗစ်ဖြစ်ပြီး ထိန်းမရအောင် စားတာကလည်း ကိုဗစ်ရဲ့ နောက်ဆက်တွဲ တစ်ခု ဖြစ်နိုင်ပါတယ်။

လေ့လာချက်တွေအပေါ် အခြေခံပြီး ပညာရှင်တွေ ပြောတာကတော့ ကိုဗစ်က ဦးနှောက်နဲ့ ဦးနှောက်အမြှေးပါးရောင်ရမ်းတာကို ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဦးနှောက်ထဲမှာ ရှိတဲ့ ဆဲလ်တွေလည်း ရောင်ရမ်းပြီး ဦးနှောက်ရဲ့ သတင်းပို့တဲ့ စနစ်ကို ထိခိုက်နိုင်ပါတယ်။ ဒီလို ထိခိုက်တဲ့အထဲမှာ ဆာလောင်မှု၊ တင်းတိမ်မှုကို ထိန်းချုပ်တဲ့ စင်တာတွေလည်း ပါနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ဆာတဲ့အခါ၊ စားပြီး တင်းတိမ်တဲ့အခါ ထွက်လာတဲ့ ဟော်မုန်းတွေနဲ့ ဦးနှောက်ရဲ့ အချက်ပြမှုတွေ လွဲချော်ပြီး စားချင်သလို စားလာပါတယ်။

ကိုဗစ်ကြောင့် သွေးကြောလေးတွေမှာ သွေးခဲတတ်ပါတယ်။ ဒီလို ခဲတဲ့ထဲမှာ ဦးနှောက်က သွေးကြောသေးသေးလေးတွေ ပါနိုင်ပါတယ်။ သွေးကြောတွေမှာ သွေးခဲတဲ့အခါ စားချင်စိတ်ကို ထိန်းပေးတဲ့ စင်တာကို သွေးကောင်းကောင်း မရောက်တာကြောင့် စားချင်စိတ်ကို ထိန်းမရတာလည်း ဖြစ်နိုင်ပါတယ်။ သွေးခဲတာတင် မဟုတ်ပါဘူး။ အောက်စီဂျင် ကောင်းကောင်း မရတာကလည်း စင်တာကို ပျက်စီးစေပါတယ်။နောက်တစ်ချက်ကတော့ ဦးနှောက်ထဲမှာ ရှိတဲ့ Hypothalamus ဟိုက်ပိုသယ်လမက်စ်ကို ထိသွားတာပါ။ Hypothalamus ဆိုတာ ဆာလောင်တာ၊ တင်းတိမ်တာ၊ ရေဆာတာ စတာတွေကို ထိန်းချုပ်တဲ့နေရာပါ။ ဒီနေရာ ထိသွားတယ်ဆိုရင် စားတာ သောက်တာ အကုန်လုံးကမောက်ကမ ဖြစ်သွားမှာပါ။ ဒါကလည်း အပေါ်က ဖြစ်စဉ်နဲ့ သိပ်မကွာလှပါဘူး။

ကိုဗစ်ဖြစ်ပြီး ရင် ဘယ်လို ထိန်းမရအောင် စားတာလဲ။

ကိုဗစ်ဖြစ်ပြီးလို့ နာလန်ထလာတဲ့ လူနာတွေက သာမန်စားတာနဲ့ မတူပါဘူး။ ထိန်းချုပ်စင်တာ ထိသွားတာ ဖြစ်တဲ့အတွက်-စားချင်စိတ်တွေ မတရား တက်လာတယ်။-စားတဲ့ ပမာဏရော၊ အကြိမ်ရေရော တက်လာတယ်။-နည်းနည်းနဲ့ ခဏခဏ စားတာမျိုး မဟုတ်ဘဲ များများနဲ့ ခဏခဏ စားတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာတယ်။-ခံတွင်းတွေ့မှ၊ ကြိုက်မှ စားတာမျိုး မဟုတ်ဘဲ မြင်မြင်သမျှကို စားချင်နေတာမျိုး ဖြစ်လာတယ်။-တင်းတိမ်တဲ့ စင်တာပါ ထိသွားတဲ့အတွက် ဘယ်လောက် စားစား ဗိုက်ပြည့်တယ်လို့ မခံစားရဘဲ ထပ်ခါထပ်ခါ စားချင်တာမျိုး ဖြစ်တတ်ပါတယ််။

ကိုဗစ်ကြောင့် မဟုတ်ဘဲ တခြားရောဂါကြောင့်ရော မဖြစ်နိုင်ဘူးလား။

ဒါလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တရားလွန်စားတာအပြင် တခြား ဘာလက္ခဏာတွေရှိလဲဆိုတာ စောင့်ကြည့်ရပါတယ်။ ဥပမာ-စားနေရဲ့ သားနဲ့ ပိန်ပိန်သွားရင် ဆီးချိုရောဂါလား၊ သိုင်းရွိုက်ဟော်မုန်း များနေတာလား။-စားလည်း စား ဝလည်း ဝဆိုရင် Hyperadrenocorticism လို့ ခေါ်တဲ့ ဟော်မုန်း ရောဂါလား။-တရားလွန် စားပေမယ့် ဝမ်းက အဆက်မပြတ်လျှောနေတာကြောင့် ပိန်သွားတယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်း များနေတာလား၊ ကိုဗစ်ဖြစ်တုန်းက ပိုးသတ်ဆေးတွေ သောက်ပြီး ဝမ်းလျှော မရပ်တာလား။-နဂိုတည်းက အစားအသောက် ပြဿနာ ရှိနေတာလား။-စွဲသောက်နေတဲ့ ဆေးတွေကြောင့် အစာစားချင်စိတ်တွေ ရပ်မရတာလား စသဖြင့် လိုက်ရှာပြီး ကုသရပါတယ်။

ကိုဗစ်ကြောင့် ထိန်းမရအောင် စားတာကို ဘယ်လိုကုသမလဲ။

အရေးကြီးဆုံးကတော့ ကိုဗစ်အပြင် တခြားရောဂါကြောင့်လားဆိုတာ ရှာပြီး ကုသဖို့ပါပဲ။ နောက်ပြီး လူနာသောက်နေတဲ့ ဆေးတွေကို ဆရာဝန်ကို ပြရပါမယ်။ စားချင်စိတ်ကို ဖြစ်စေတဲ့ ဆေးတွေ ပါနေရင် ဆေးပြောင်းတာ၊ ရပ်တာ လုပ်ရပါမယ်။ အထူးသဖြင့် စိတ်ရောဂါကုသဆေးတွေက ထိန်းမရအောင် စားချင်တဲ့ ဘေးထွက်ဆိုးကျိုး ရှိတတ်ပါတယ်။နောက်ထပ်အရေးကြီးတာက ထိန်းမရအောင် စားတာရဲ့ နောက်ဆက်တွဲ အဝလွန်ခြင်းပါ။ ဘာကြောင့်ပဲ စားစား၊ များများစားနေတဲ့အတွက် လပိုင်းလောက်နေရင် ဝိတ်တက်လာမှာပါ။ ဒါကြောင့် ဘာကြောင့် အဆက်မပြတ်စားနေတာလဲဆိုတာကို ရှာဖွေရင်း တစ်ဖက်ကလည်း ဝိတ်မတက်အောင် ထိန်းဖို့ လိုပါတယ်။ စားတာကို မရပ်နိုင်သေးဘူးဆိုရင် စားသမျှကို လောင်ကျွမ်းဖို့ များများလှုပ်ရှားရမှာပါ။ လေ့ကျင့်ခန်း တစ်ခုခုကို မဖြစ်မနေ စွဲစွဲမြဲမြဲ လုပ်သင့်ပါတယ်။နောက်တစ်ခုက စားတဲ့ပုံစံကို ပြောင်းဖို့ပါ။ သူ့က ခံတွင်းတွေ့မှ စားတာမဟုတ်၊ မြင်မြင်သမျှ စားနေတာမျိုး ဖြစ်တဲ့အတွက် ကိုယ့်မျက်စိအောက်မှာ ကျန်းမာရေးနဲ့ ညီညွတ်တာ၊ ဗိုက်ပြည့်လွယ်တာကို ထားဖို့ လိုပါတယ်။ ဥပမာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်သလို ဗိုက်ပြည့်လည်း လွယ်ပါတယ်။ အဆာခံပြီး သကြားဓာတ်စုပ်ယူမှုလည်း နှေးပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ နဂိုဆီးချိုရှိတဲ့ သူတွေက ကိုဗစ်အပြီးမှာ ဒီလို ထိန်းမရအောင် စားနေရင် ဆီးချိုတွေ မတရားတက်လာမှာမို့လို့ပါ။ဒါ့ပြင် အစားစားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့ ပရိုတင်း၊ ကဖင်း စတာတွေကိုလည်း စားပေး သောက်ပေးဖို့ လိုပါတယ်။ ဥပမာ တစ်နပ်နဲ့ တစ်နပ်ကြားမှာ ကော်ဖီအနည်းငယ်လောက် သောက်ပေးတာကလည်း အစာစားချင်စိတ်ကို ထိန်းပေးနိုင်မှာပါ။စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ဖြစ်တဲ့ cognitive behavioral therapyကိုလည်း စမ်းကြည့်နိုင်ပါတယ်။ ဒါက စိတ်ဖိစီးတဲ့ လူနာတွေမှာ ပိုပြီး အလုပ်ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပြီးတဲ့ လူနာတွေက စိတ်ဖိစီးလို့ စားတာမဟုတ်၊ စင်တာထိခိုက်လို့ စားချင်စိတ်ကို ထိန်းမရတာဖြစ်တဲ့အတွက် အလုပ်ဖြစ်မဖြစ်တော့ တပ်အပ် မပြောနိုင်ပါဘူး။

ရေးသားသူ Dr. Htet Htet Zaw Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013