မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျားဖြန့်အွန်လိုင်း ဖမ်းဆီးနှိမ်နင်းခဲ့ရာမှာ ကျားဖြန့်ဂိုဏ်းသား ၆၀၀ နီးပါး ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံသား ၄၀၀ နီးပါးနဲ့ အများဆုံးပါဝင်တယ်လို့ လာအိုနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဇူ လိုင် ၂၁ ရက် ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဗီယန်ကျင်းမြို့တော် ဟတ်ဆိုင်းဖောင်းမြို့နယ် ဒုန်းဖိုးဆီရပ်ကွက်ထဲမှာ တယ်လီဖုန်းနဲ့ အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုတွေ ရှိနေကြောင်း စုံစမ်းသိရှိရတာကြောင့် လာအိုနိုင်ငံ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနှိမ်နင်းရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့ နယ်လှည့်စစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ မနက် ၁၀ နာရီက အဆိုပါ ရပ်ကွက်ရှိ အဆောက်အအုံကြီးတလုံးကို သွားရောက် စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာကနေ အွန်လိမ်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု လုပ်ဆောင်နေသူ စုစုပေါင်း ၅၈၉ ယောက်ကို ဖမ်းဆီးရမိတယ်။ အမျိုးသား ၂၈၀၊ အမျိုးသမီး ၃၀၉ ယောက် ပါတယ်။ သူတို့ထဲမှာ ထိုင်းနိုင်ငံသားက ၃၇၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး လာအိုနိုင်ငံသား ၁၉၉ ယောက်၊ ဗီယက်နမ် ၁၅ ယောက်၊ ကမ္ဘောဒီးယား ၂ ယောက်တို့ ပါဝင်တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အွန်လိုင်းလိမ်လည်လုပ်ငန်းမှာ အသုံးပြုတဲ့ နုတ်ဘုတ်ကွန်ပျူတာ ၄,၀၄၅ လုံး၊ လက်ကိုင်ဖုန်း ၅, ၂၄၅ လုံး၊ စားပွဲတင်ကွန်ပျူတာ ၁,၅၁၇ တို့ကိုပါ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိပါတယ်။
လာအို တာဝန်ရှိသူတွေဟာ ဖုန်းနဲ့ ကွန်ပျူတာထဲက အချက်အလက်တွေကို ထပ်မံစစ်ဆေးပြီး အနောက်ကနေ ကြိုးကိုင်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက် စုံစမ်းထောက်လှမ်းနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Source: MGROnline / Lao-Thai News











