DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းကလေး ၂၀၀ ကျော်ကို တရားမဝင် ပန်းရောင်ကတ်ထုတ်ပေးသည့် ထိုင်းမှတ်ပုံတင် ဦးစီးမှူးနှင့် ဝန်ထမ်းများ ဖမ်းဆီးခံရ 
DVB
·
April 1, 2026
Photo: News1Live
Photo: News1Live
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့မြို့နယ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေး ၂၀၀ ကျော်ကို တရားမဝင် ပန်းရောင်ကတ် (ထိုင်းနိုင်ငံမဟုတ်သူများ သက်သေခံကတ်) ထုတ်ပေးတဲ့ ထိုင်းမှတ်ပုံတင်ဦးစီးမှူး အပါအဝင် လာဘ်စားသူ ၆ ယောက် ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဝမ်းနွဲ့မြို့နယ်အုပ်ချုပ်ရေးရုံး မှတ်ပုံတင်ဌာန ဦးစီးမှူး နိုင်းနာ့သ်ဖုန်း၊ မှတ်ပုံတင်စာရေးနဲ့ အပေါင်းအပါ စုစုပေါင်း ၆ ယောက်ဟာ ပြီးခဲ့တဲ့နှစ်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေး ၂၀၀ ကျော်ကို တရားမဝင် ပန်းရောင်မှတ်ပုံတင်ကတ် ထုတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရတာကြောင့် အထူးမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ DSI၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ပြည်ထဲရေးဌာန၊  ခရိုင်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့အတူ မြို့နယ်ရုံးမှာ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသား ဗဟိုရဲတပ်ဖွဲ့  CIB  ပြောခွင့်ရ ရဲချုပ် ကျရွန်းကစ် ဘန်ကယောက်က မတ် ၃၁ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒီမတိုင်ခင်က ဝမ်းနွဲ့မြို့ထဲက အိမ်ထောင်စုစာရင်းမှာ အသက် ၁၅ နှစ်အောက် ကလေးတွေရဲ့  အမည်တွေ အမြောက်အမြားဖြည့်စွက်ထားပြီး မကြာခင် တခြားမြို့နယ် အိမ်ထောင်စုစာရင်းကို ပြန်ပြောင်းသွားကြတာကို သံသယဖြစ်စရာတွေ့ရှိတယ်လို့ တိုင်ကြားချက်ရထားတာကြောင့် အချိန် ၅ လပေးပြီး စုံစမ်းစစ်ဆေးခဲ့တယ်လို့  ရဲချုပ်က ပြောပါတယ်။ 

စစ်ဆေးချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း အဆိုပါမြို့နယ်ရုံးမှာ အသက် ၁၅ နှစ်အောက်ကလေးတွေ ပန်းရောင်မှတ်ပုံတင်ကတ် လာလုပ်ကြတယ်၊ မိဘအုပ်ထိန်းသူ မပါဘဲ ပွဲစားက မှန်လုံကားနဲ့ တသုတ်စီခေါ်လာတယ်၊ ကန်ကျပူရီဘက်က ကလေးတွေလည်း ပါတယ်။ အဆိုပါကလေးတွေရဲ့ အမည်စာရင်းတွေကို လူသူမရှိတဲ့ အိမ်ဟောင်းကြီးရဲ့ အိမ်နံပါတ်ထဲမှာ ၁၃၆ ယောက်၊ ဂိုဒေါင်ဟောင်းရဲ့ အိမ်နံပါတ်ထဲမှာ ၄၇ ယောက်၊ တခြားအိမ်ထောင်စုစာရင်းထဲမှည ၃၆ ယောက် ထည့်သွင်းထားတာ တွေ့ရှိတယ်လို့ဆိုပါတယ်။ 

မှတ်ပုံတင်လုပ်ခအနေနဲ့  ဘတ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ထိ ကောက်ခံတယ်၊ တချို့မှတ်ပုံတင် နံပါတ်တွေမှာ ပိုင်ရှင်ရှိ တခြားကလေးတွေရဲ့ နံပါတ်ကို ထပ်ပြီးယူသုံးထားတယ်၊ ဒီလိုလုပ်တာဟာ မူလပိုင်ရှင်ကလေးတွေရဲ့ အခွင့်အရေး ထိခိုက်နစ်နာစေတယ်၊ ဒီနိုင်ငံခြား ရွှေ့ပြောင်းကလေးတွေဟာ ပန်းရောင်ကတ်ရရင် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု အခမဲ့ရမှာ ဖြစ်တာကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ သန်းနဲ့ချီပြီး နစ်နာဆုံးရှုံးမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

ဒါကြောင့် မသမာမှုနဲ့ လုပ်ပေးထားတဲ့ ပန်းရောင်မှတ်ပုံတင်ကတ် ၂၁၄ ခုကို မှတ်ပုံတင်စာရင်းကနေ ပြန်လည်ပယ်ဖျက်ပြီး မှတ်ပုံတင်အရာရှိနဲ့တကွ အပေါင်းပါတွေပါ စုစုပေါင်း ၆ ယောက်ကို တာဝန်ဝတ္တရား အလွဲသုံးစားပြုမှု၊ လာဘ်စားမှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု စတဲ့ပြစ်ချက်တွေနဲ့ ကနဦး စွဲချက်တင်ထားတယ်။ နောက်ထပ်လည်း ငွေကြေးခဝါချမှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေတယ်လို့  ရဲချုပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

ရွှေ့ပြောင်းလုပ်သားတွေကြား ပန်းရောင်ကတ် (ဆယ်နှစ်ခံကတ်) လို့ လူသိများတဲ့ မှတ်ပုံတင်ကတ်တွေဟာ ထိုင်းနိုင်ငံထဲ ရောက်ရှိနေထိုင်တဲ့ မိဘတွေက မွေးဖွားပြီး ထိုင်းမွေးစာရင်းရှိတဲ့ ကလေးတွေကို ထုတ်ပေးနေတာ ဖြစ်ပါတယ်။ အဆိုပါကတ်နဲ့ ကျောင်းနေခွင့်ရပြီး နှစ်အတော်ကြာရင် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိပါတယ်။ 

Source : Nation TV / Thai PBS / The Reporters 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013