DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်း
DVB
·
September 10, 2021
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်း
Donate to DVB

၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက ၃ ဒသမ  ၂  ရာခိုင်နှုန်းရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ပါက ကျဆင်းမှုရှိခဲ့တယ်လို့ စီမံကိန်းရေးဆွဲရေးဌာနရဲ့ ခန့်မှန်း ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

၂၀၁၉-၂ဝ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကတော့  ပုံမှန်စျေးနှုန်းအရ ကျပ်သန်း ထောင်ပေါင်း ၉၁, ၉၇၇ ရှိခဲ့ပြီး တနှစ်ပျမ်းမျှ တဦးကျ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးက  ကျပ်ထောင်ပေါင်း ၂,၀၆၆ ရှိခဲ့တာ တွေ့ရပါတယ်။

စက်မှုကဏ္ဍရဲ့ တိုးတက်မှုနှုန်းက  ၄ ရာခိုင်နှုန်းနဲ့ အများဆုံးရှိပြီး  ဝန်ဆောင်မှုကဏ္ဍရဲ့ တိုးတက်မှုက ၃  ရာခိုင်နှုန်းနဲ့  လယ်ယာကဏ္ဍ တိုးတက်မှုက ၂ ရာခိုင်နှုန်းသာရှိပါတယ်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ရဲ့ ခန့်မှန်းတွက်ချက်မှုအရတော့  ၂၀၂၀  ပြည့်နှစ်အတွက် မြန်မာအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းမှာ မြန်မာက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ထက် တိုးတက်မှုနှုန်းမြင့်မားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်တပ်က အာဏာမသိမ်းခင်က ပြည်တွင်းငွေကြေးစနစ်က တည်ငြိမ်မှုရှိတဲ့အပြင် စီးပွားရေးတိုးတက်မှုနှုန်းကလည်း (ကမ္ဘာ့ကပ်ဘေးရောဂါ) ကိုဗစ်ကြောင့် ထိခိုက်မှုရှိတယ်ဆိုပေမယ့် မြန်မာ့စီးပွားရေးက အာဆီယံဒေသတွင်းနိုင်ငံတွေအကြားမှာ အောက်ဆုံးအဆင့် မရောက်ခဲ့ဘဲ အတန်အသင့်ကောင်းနေခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းငွေကြေးစနစ်က တည်ငြိမ်မှု မရှိတော့တဲ့ အပြင် မြန်မာကျပ်ငွေတန်ဖိုး ကလည်း စံချိန်တင် ကျဆင်းလာပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးက “နိုင်ငံရေးနဲ့စီးပွားရေးက ဒင်္ဂါး တခုရဲ့ ခေါင်းနဲ့ ပန်း လိုပဲဗျ။ နိုင်ငံရေးမှာ အကျပ်အတည်းကြုံရင် စီးပွားရေးမှာလည်း အကျပ်အတည်း ကြုံမှာပဲ။ဒါက မလွဲမသေပဲ။ အခုအာဖဂန်မှာ ဖြစ်နေတဲ့ စီးပွားရေး အကျပ်အတည်းပြဿနာက မြန်မာနဲ့ သွားတူတယ်နော်။ ဘာလို့လဲဆိုတော့ အာဖဂန်မှာ သူတို့ပြည်သူတွေ ဘဏ်တွေမှာလည်း ငွေထုတ်လို့မရတော့ဘူး။ ကုန်စျေးနှုန်းတွေကလဲ တက်လာတယ်။ ပြီးတော့ အာဖဂန်ငွေကြေးပေါ်မှာ ပြည်သူတွေက အယုံအကြည် မရှိတော့ဘူး။  အဓိကက အစိုးရအပေါ်မှာ ယုံကြည်မှုမရှိတော့တာပေါ့။ ပြီးတော့ အဲ့ဒီ့အစိုးရကို နိုင်ငံတကာက အသိအမှတ် မပြုဘူး။ ပြည်တွင်းကလည်း အသိအမှတ်မပြုဘူး။ အဲ့ဒါက အဓိက စိန်ခေါ်မှုပဲဗျ။ ဒါကို မဖြေရှင်းနိုင်သရွှေ့ ဒီအကျပ်အတည်းက ဘယ်လိုမျှ ရှင်းနိုင်မှာမဟုတ်ဘူး” လို့ ဆိုပါတယ်။

တိုင်းပြည်စီးပွားရေးတည်ငြိမ်ဖို့အတွက် အစိုးရက ငွေကြေးဖောင်းပွမှုနှုန်းကို နည်းအောင်လုပ်ပေးဖို့ တာဝန်ရှိတဲ့အပြင် စီးပွားရေးတိုးတက်မှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုပါတယ်။

ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတဦးက “အခုအချိန်မှာ လိုနေတာက ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပါ။ ဒါပေမယ့် ပြဿနာက စစ်ဘေးကြောင့် ထွက်ပြေးနေရတဲ့ လူတွေအတွက် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့လေးတောင် ပေးလို့မရဘူးဖြစ်နေတယ်။ ဒီအဆင့်တောင် လုပ်လို့မရဘူးဆိုရင် ကျန်တဲ့ ချေးငွေပေးတာလို့ ထောက်ပံ့ကြေးပေးတာတို့က ဘယ်လိုမှ မလာနိုင်ဘူး။ အဲ့တော့ စီးပွားရေးဆိုင်ရာ ဒီအကျပ်အတည်းတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ မြန်မာပြည်စီးပွားရေးက ပိုပြီးခက်ခဲမယ်လို့ပဲ မြင်တယ်”လို့  သုံးသပ် ပြောပါတယ်။

မြန်မာ့သမိုင်းတလျှောက်မှာ တိုင်းပြည် စီးပွားရေးကျဆင်းမှုက စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာ အနုတ် ၁၁ ရှိခဲ့ပြီး အခုတကြိမ် ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးက အနုတ် ၁၈ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013