
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စက်တင်ဘာလ ၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ယာဥ်တန်း အပါအဝင် နေရာ ၃ နေရာမှာ ဖောက်ခွဲမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်လို့ ရေစကြို PDF အဖွဲ့ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။
ရေစကြိုမြို့နယ် ဆန်းသစ်ရွာ တောင်ဘက်မှာ ဒီကနေ့ညနေ ၆ နာရီလောက်က ပခုက္ကူကနေ မြောင်မြို့နယ်ဘက်ကို သွားတဲ့ စစ် ကား ၄ စီး ကို PDF တပ်ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်တာလို့လည်း ပြောပါတယ်။
အဲဒီဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပြန်လည်ပစ်ခတ်နေတာကြောင့် အထိခိုက်မရှိအောင် ဘေးလွတ်ရာကို ဆုတ်ခွာနေရတာကြောင့် သေဆုံး ဒဏ်ရာသူ အတိကျမသိနိုင်ဘူးလို့လည်း ဆိုပါတယ်။
မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်မှာ ဒီကနေ့မနက်ပိုင်းကတည်းက တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်နေတာကြောင့် ရေစကြို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ရေစကြိုမြို့နယ် PDF တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့ ကိုရှိန်းရဲ့ ဆီဆိုင်ကို ဖောက်ခွဲခဲ့သလို မွန်းလွဲ ၂ နာရီလောက်မှာလည်း မြို့နယ်စိုက်ပျိုးရေးရုံးကို ဖောက်ခွဲခဲ့တယ်လို့ အတည်ပြုပြောပါတယ်။