DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၇ လအတွင်း ကြံ့ခိုင်ရေးပါတီဝင်များနှင့်ထောက်ခံသူ ၂၅၀ ကျော် အသတ်ခံခဲ့ရ
DVB
·
September 3, 2021
စစ်အာဏာသိမ်း ၇ လအတွင်း ကြံ့ခိုင်ရေးပါတီဝင်များနှင့်ထောက်ခံသူ  ၂၅၀ ကျော် အသတ်ခံခဲ့ရ
Donate to DVB

စစ်တပ်အာဏာသိမ်းထားတဲ့ ၇ လအတွင်း ကြံ့ခိုင်ရေးပါတီဝင်၊ မိသားစုနဲ့ ထောက်ခံအားပေးသူပေါင်း ၂၅၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ မဲမသမာတာ အပါအဝင် ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်တာတွေကြောင့် အာဏာရပါတီဟာ အစိုးရဖွဲ့ခွင့် ဆုံးရှုံးပြီး ဥပဒေနဲ့ အညီတာဝန်ဆောင်နေတဲ့ တည်ဆဲအစိုးရကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH၊ အဲဒီက တဆင့် NUG၊ ပြီးတော့ PDF တို့ကို အဆင့်ဆင့်ဖွဲ့စည်းပြီး သပိတ်မျိုးစုံနဲ့ ဆန္ဒပြတာ၊ အဓိကရုဏ်းတွေ ဖန်တီးတာ၊ တရားမဝင် လက်နက်မျိုးစုံ ကိုင်ဆောင်ပြီး အန်အယ်လ်ဒီရဲ့ ပြိုင်ဘက် ပါတီဝင်တွေ၊ တပ်မတော်ထောက်ခံသူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဟန်းသံဃာတွေ စတဲ့ ဘက်မတူသူအားလုံးကို ခြိမ်းခြောက်နှိပ်စက် သတ်ဖြတ်တာ၊ အဆောက်အအုံ လမ်းတံတားတွေ ဖျက်ဆီးတာတွေ နေ့တိုင်း လုပ်နေကြတယ်လို့လည်း ကြံ့ခိုင်ရေးပါတီက စွပ်စွဲထား ပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ အပေါင်းအပါတွေက RPH ၊  NUG ၊ PDF အဖွဲ့တို့ကို လက်မခံကြောင်း စုပေါင်းလက်မှတ်ထိုးတဲ့ လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ အခြေစိုက် Change.org ဝက်ဘ်ဆိုက်မှာ ပြုလုပ်ခဲ့ပြီး လက်မှတ်ပေါင်း ၄၆၀၀၀ ကျော်ရချိန်မှာ အဲဒီလှုပ်ရှားမှုကို ဖြုတ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်အခု အွန်လိုင်းကနေ စုပေါင်း ဆန္ဒပြုတဲ့ လှုပ်ရှားမှု လုပ်နေပြီး စက်တင်ဘာ ၂ ရက်အထိ လက်မှတ်ပေါင်း ၂၄ သိန်းကျော်ရထားပြီ လို့လည်း ထုတ်ပြန်ပါတယ်။ 

အခုစုဆောင်းရရှိတဲ့ လက်မှတ်တွေ၊ သတ်ဖြတ်မှု ဓာတ်ပုံ ဗွီဒီယိုမှတ်တမ်းတွေနဲ့ တခြားသက်သေတွေကို ပြည်တွင်း ပြည်ပက သက်ဆိုင်ရာဌာနတွေဆီ ပေးပို့သွားမှာ ဖြစ်တယ် လို့လည်း ကြံ့ခိုင်ရေးပါတီကဆိုပါတယ်။

မြန်မာနိုင်ငံ တဝန်းဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်အာဏာ ရှင်ကို လက်နက်စွဲကိုင်တော်လှန်နေတဲ့ အဖွဲ့တွေက အာဏာသိမ်း အကြမ်းဖက်စစ်အုပ်ရဲ့ အပေါင်းပါတွေ၊ မဟာမိတ်ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စွမ်းအားရှင်တွေ၊ ပျူစောထီးတွေ၊ သူလျှိုတွေ၊ ဒလန်တွေ သတင်းပေးတွေကို နေ့စဉ်လို့လို သုတ်သင်ရှင်းလင်းမှုတွေရှိနေတာဖြစ်ပါတယ်။ 

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ကတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၄၃ ယောက်ထိရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၇၆၈ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၁၃၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၆၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်လို့လည်းဆိုပါတယ်။

Photo- USDP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013