
အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ ၂ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ကချင်ပြည်နယ်မှာ အင်တာနက်အတွက် အားထားနေရတဲ့ Starlink တွေ မကြာခင် ပိတ်ပင်ခံရတော့မဲ့ အခြေအနေတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ အပါအဝင် မြို့နယ်အတော်များများမှာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာ ဇူလိုင် ၂၁ ရက်မှာ ၂ နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
နိုင်ငံဖြစ်စဉ်ပြောင်းလဲမှုတွေနဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အများစုကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ကန့်သတ် ဖြတ်တောက်ခဲ့ရတာကြောင့် ပြည်သူတွေ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတဲ့အတွက် မြစ်ကြီးနားမြို့ရဲ့ စီးပွားရေးမှာ သိသိသာသာ ထိုးဆင်းသွားခဲ့ပြီး အင်တာနက်ကို အမှီပြုနေရတဲ့ အွန်လိုင်းအခြေပြု အရောင်းအဝယ်လုပ်ငန်းတွေနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ လုံးဝရပ်ဆိုင်းသွားခဲ့ရပါတယ်။
ဒါ့အပြင် Mobile Banking နဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုတွေ သုံးစွဲရခက်ခဲခဲ့တဲ့အတွက် မြို့ကြီးတွေနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာလည်း ခက်ခဲနေရတာပါ။
မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာရှင်တပ်က စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကို ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်ရရှိရေးကစလို့ လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးတွေမှာ လိုအပ်တဲ့ အင်တာနက်အတွက် Starlink ကို အဓိက အားထားနေရတာပါ။
မြစ်ကြီးနားမြို့နယ်မှာလည်း ဂြိုဟ်တုအင်တာနက် Starlink တွေကို အားကိုးနေတာဖြစ်ပြီး အဲဒီ Starlink တွေလည်း မကြာမီ ဖြတ်တောက်ခံရတော့မယ်ဆိုတဲ့ သတင်းကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေကြရပါတယ်။
“ကျနော်တို့ဘက်မှာက ဖုန်းလိုင်းလည်း မရဘူး၊ အင်တာနက်လည်း မရဘူး။ အဲ့လိုဆိုတော့ တော်တော်များများ ပြည်သူလူထုက ဒီ Starlink တခုတည်းကိုပဲ မှီခိုအားကိုးနေရတာ။ အဲလိုဆိုတော့ တကယ်တမ်း ပိတ်လိုက်မယ်ဆိုရင် တော်တော်လေးတော့ ခက်ခဲသွားမှာ။ တချို့တွေကျတော့ စစ်ဘေးရှောင်တွေက များတာတော့ သူတို့သားသမီးတွေက မြို့ပေါ်မှာ အလုပ်တက်လုပ်နေတယ်။ သူတို့မိဘတွေက တောမှာ စစ်ရှောင်နေတယ်။ တခုခု ငွေလွှဲတာက အစ Starlink နဲ့ပဲ လုပ်ရတာ။ ဆက်သွယ်တာက အစပေါ့။ လမ်းကြောအခြေအနေ သွားရေးလာရေးကအစ၊ ခရီးသွားတာက အစ။ လမ်းကြောင်းအခြေအနေ သတင်းတွေကို နားစွင့်ပြီး သွားလာရတယ်။ အဲလိုဆိုတော့ တော်တော်များများတော့ စိုးရိမ်စိတ်တွေတော့ ရှိနေကြတယ်။ Starlink ပိတ်သွားရင် ငါတို့ ဘာနဲ့ သွားသုံးမလဲ၊ ဘာနဲ့ အချိတ်အဆက်လုပ်မလဲ။ အဲလိုမျိုးတော့ စိုးရိမ်နေကြတာပေါ့။”
၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ ရက်ကတည်းက စတင်ခဲ့တဲ့ ဒီဖြတ်တောက်မှုတွေကြောင့် ၂ နှစ်တာ ကာလအတွင်း ဒေသခံ ပြည်သူတွေဟာ သတင်းအချက်အလက် သိရှိရယူပိုင်ခွင့် အပါအဝင် အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သတင်းအမှောင်ချထားတဲ့ အချိန်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စောင့်ကြည့်မှတ်တမ်းတင်ဖို့လည်း ပိုခက်ခဲသွားစေခဲ့တယ်လို့ ထောက်ပြထားပါတယ်။
ဇူလိုင်လ အစောပိုင်းကစပြီး မြန်မာပြည်က Starlink အသုံးပြုသူတွေထံ ကုမ္ပဏီဘက်ကနေ Starlink အသုံးပြုခွင့် ကန့်သတ်ထားတဲ့နေရာမှာ အသုံးပြုနေတာကြောင့် ပိတ်ပင်သွားမဲ့အကြောင်း အကြောင်းကြားစာ email ပို့ခဲ့ပြီးနောက် တချို့စက်တွေ အင်တာနက် အသုံးပြုလို့မရတော့တာတွေ ရှိလာပါတယ်။
Starlink အင်တာနက် အသုံးပြုလို့မရတော့ရင် စစ်ရေးသတင်းအချက်လက်နဲ့ လေကြောင်းရန် သတိပေးချက်တွေကို အချိန်နဲ့တပြေးညီ ရရှိဖို့ ခက်ခဲလာပြီး ဒေသခံတွေ ထိခိုက်နစ်နာမှု ဖြစ်လာနိုင်လို့ ပြည်သူတွေ ပိုပြီစိုးရိမ်နေကြပါတယ်။
အင်တာနက် ပြတ်တောက်မှုဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအားလုံးကို ထိခိုက်စေပြီး စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ ဒေသက ပြည်သူတွေရဲ့ လူနေမှုဘဝကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲ့စည်းကမ်းသတ်မှတ်ချက်တွေကတော့ အခုမှရှိတာတော့ မဟုတ်ဘူး။ အရင်ကတည်းက ရှိနေတာ။ ဒါပေမဲ့ အခုက ပေါ်လစီအသစ်ကို update လုပ်လိုက်တဲ့အတွက်မို့ စက်တွေ တကယ်ပဲ ပိတ်သွားနိုင်တာလား စောင့်ကြည့်ရမဲ့ အခြေအနေတခုမှာ ရှိတယ်။ တကယ်လို့ Starlink သာ ပိတ်သွားမယ်ဆိုရင်တော့ မြစ်ကြီးနားမြို့ရဲ့ အခြေအနေကတော့ တော်တော်လေး ခက်ခဲသွားနိုင်တယ်။ ဆက်သွယ်ရေးဆိုတာကျတော့ ဒီကပြည်သူတွေအတွက်ကျတော့ အခြေခံလိုအပ်ချက်တခုလို ဖြစ်နေတာပေါ့။ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်လုံး အစစအရာရာပေါ့။ တကယ်လို့ အင်တာနက်သာ ပြတ်သွားမယ်ဆိုရင်တော့ ကျနော်ထင်တာတော့ ကုန်ပစ္စည်းတွေလည်း ဈေးကြီးလာနိုင်တယ်။ ပြီးတော့ မြစ်ကြီးနားမြို့မှာကျတော့ ဖုန်းလိုင်းတွေလည်း သေချာတော့ မရသေးဘူး။ MyTel တွေလည်း အင်တာနက် တချို့နေရာမှာ ရပြီ ပြောနေကြပေမဲ့ တကယ်တမ်းကျတော့ သေချာ အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဖုန်းလိုင်းတောင်မှ သေချာမရသေးတဲ့ အခြေအနေ။”
ကချင်ပြည်နယ်အတွင်းမှာ MPT၊ Ooredoo၊ Atom(Telenor) ဖုန်းလိုင်းတချို့ကတော့ မြစ်ကြီးနားမြို့အပြင် တခြားမြို့နယ်တွေမှာ အနည်းငယ် ဆက်သွယ်ပြောဆိုလို့ ရလာပေမဲ့ ရှင်းရှင်းလင်းလင်း ခေါ်ဆိုဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ဟန်န










