
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အောက်ဗိုလ်တဲနဲ့ အနီးနားက ကျေးရွာတွေမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် ထိခိုက်ကျဆုံးသူ များပြားခဲ့တယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ကော့ကရိတ်-မြဝတီအာရှလမ်းနဲ့ ဒေါနတောင်(အောက်ဗိုလ်တဲ) အနီးကို စစ်တပ်ဘက်က ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကရင်အမျိုးသားလွတ်မောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတွေ၊ အမှတ် ၃၁ ဗျူဟာ၊ ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
မတ် ၂၀ ရက်က နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် ကျဆုံးသူများပြားခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်ဘက်က အထိနာခဲ့တဲ့အတွက် လေကြောင်းကနေ အောက်ဗိုလ်တဲ၊ မိဖာလဲ၊ ထီဖိုးစံ၊ နောင်တပွဲနဲ့ မြပတိုင်ကျေးရွာအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေ ပါတယ်။
အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက “သူတို့စစ်ကြောင်းထိုးတာလည်း ပါတယ်။ နှစ်ဖက် ရင်ဆိုင်ဆော်ကြတာလည်း ပါတယ်။ သူတို့ တက်လာတယ်။ ကျနော်တို့ နေရာယူတော့ တိုက်ပွဲကြီးတွေဖြစ်တယ်။ ကျတာတော့ သူတို့ ဗိုလ်မှူးဆင့်တွေ တပ်ရင်းမှူးဆင့်တွေ ပါတယ်လို့ သိရတယ်။ ဒါပေမဲ့ သူတို့အလောင်းကို ကျနော်တို့ မရဘူး။ သူတို့ တက်တိုင်း အထိနာပြီတော့ ထိခိုက်ဒဏ်ရာများတော့ အခုက လေယာဉ်သုံးတာ တအားပဲ။ မနေ့ (မတ်လ ၂၄ ) ကဆို လေယာဉ် ၃ ခေါက်လာကြဲတယ်။ ဟိုတနေ့ (မတ်လ ၂၃) က ၂ ခေါက်လာကြဲတယ်၊ သူတို့ဘက်က လေယာဉ်သုံးလာတဲ့အနေအထားက သူတို့အထိအခိုက်အကျအဆုံး တအားများလို့” လို့ ပြောပါတယ်။
ဒ့ါအပြင် တိုက်ပွဲတွေပြင်းထန်ပြီး လူအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဘက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်သူတွေ ရှိနေပါတယ်။
ဒါကြောင့် မတ်လ တတိယပတ်က စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၆ က စစ်မှုထမ်းတပ်သားသစ် ၄ ယောက်ဟာ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်းဆီကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်။
တိုက်ပွဲတွေနဲ့ စစ်တပ် စစ်ကြောင်းတွေ စစ်ကြောင်းထိုးနေတာ၊ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊ စော်ဟဲ၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်တယောက်က “အခုလိုမျိုး မြေပြင်မှာတိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုဖြစ်ပွားလာတဲ့အတွက် ပြည်သူတွေဟာ စစ်ဘေးရှောင်ရတာ စားဝတ်နေရေးကအစ ပြေးလွှားရတာ နှစ်နဲ့ချီပြီတော့ စစ်ဘေးတိမ်းရှောင်ရတဲ့အတွက် ပိုမိုပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ စစ်ရှောင်နေရတဲ့အတွက် ကျန်းမာရေးကအစ ကလေးသူငယ်တွေဆိုလည်း တနေ့တခြား ပိုမိုပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်။ အခုလိုမျိုး စစ်ရှောင်နေရတဲ့အတွက် ကိုယ်အိမ်ကိုယ်ယာကို အမြန်ဆုံးပြန်ချင်နေကြပြီ။ စစ်ပွဲတွေလည်း အမြန်ဆုံး ပြီးဆုံးချင်ပြီ။ ပြည်သူတွေ အခက်အခဲနဲ့ပဲ ရင်ဆိုင်ကြုံတွေ့နေတာ တနေ့တခြား ပိုမိုပြီး စိတ်ဓာတ်တွေ ကျလာတယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း တပ်ရင်းမှူးအပါအဝင် ထိခိုက်ကျဆုံးခဲ့သူတွေဟာ ကျုံဒိုမြို့အခြေစိုက် ခမရ ၅၄၅၊ ၅၄၆ တပ်ရင်းကလို့ သိရပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မတ်လတတိယပတ်က ကော့ကရိတ်- မြဝတီလမ်းဟောင်း အောက်ဗိုလ်တဲအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်က ၄ ယောက်ကျပြီး ၄၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
ဒါအပြင် စစ်ကော်မရှင်တပ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တာဝန်ရှိသူဆီက သိရပါတယ်။








