၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ အင်္ဂလန် အသင်းက တိုက်စစ်မှူး ဟာရီကိန်းရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ ဒီအာရ်ကွန်ဂိုအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် အဆိုးရွားဆုံး အရှက်ရဖွယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရလုနီးပါး ဖြစ်ခဲ့ပေမဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ နောက်ကျသွင်းဂိုး ၂ ဂိုးကြောင့် ဒီအာရ်ကွန်ဂိုကို အနောက်ကနေ လိုက်ကစားကာ အနိုင်ရရှိပြီး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပထမပိုင်း ပွဲစပြီး ၇ မိနစ်မှာတင် ဘရိုင်ယန် ဆီပင်ဂါရဲ့ သွင်းဂိုးကြောင့် ဒီအာရ်ကွန်ဂိုအသင်းက အံ့အားသင့်ဖွယ် ဦးဆောင်နိုင်ခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူတွေရဲ့ ဂိုးပေါက်ခြိမ်းခြာက်မှုတွေကို ဒီအာရ်ကွန်ဂို ဂိုးသမား လီယွန်နယ် အမ်ပါစီက လက်စွမ်းပြ ကာကွယ်မှုများစွာ ပြုလုပ်ခဲ့သလို ပထမပိုင်းပြီးခါနီးမှာ ဒီအာရ်ကွန်ဂိုတိုက်စစ်မှူး ယိုအန်း ဝီဆာရဲ့ ပိတ်သွင်းချက် ဂိုးတိုင်ထိခဲ့လို့ အင်္ဂလန်အသင်း ဂိုးထပ်မပေးရဘဲ သက်သာရာရခဲ့တာဖြစ်ပါတယ်။
နည်းပြ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ပွဲပြီးဖို့ ၁၅ မိနစ်အလိုအထိ ဒီအာရ်ကွန်ဂိုအသင်းရဲ့ အစောပိုင်းဦးဆောင်ဂိုးကို မချေပနိုင်ဘဲဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်း ပွဲချိန် ၇၅ မိနစ်ကျမှ လူစားဝင်ကစားသမား အန်တိုနီ ဂေါ်ဒွန်ရဲ့ ဖြတ်တင်ဘောကနေတဆင့် အသင်းခေါင်းဆောင် ဟာရီကိန်းက ခေါင်းတိုက်ဂိုးနဲ့ အင်္ဂလန်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးခါနီး ၄ မိနစ်အလို ပွဲချိန် ၈၆ မိနစ်မှာ ဟာရီကိန်းကပဲ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၅ ဂိုးမြောက်ဂိုးအဖြစ် ဘောလုံးကို ဂိုးဧရိယာအစပ်မှာ ထိန်းကာ၊ တချက်လှည့်ပြီး ပြင်းထန်တဲ့ ညာခြေကန်ချက်နဲ့ ဂိုးသမား အမ်ပါစီကို ကျော်ဖြတ်ကာ အင်္ဂလန်အတွက် အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းဟာ ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဂယ်ရီလီနီကာ ကင်မရွန်းအသင်းနဲ့ပွဲမှာ သွင်းယူခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်တခုမှာ ၁ ပွဲတည်း ၂ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာပါတယ်။
ဒါ့အပြင် ကိန်းဟာ ကမ္ဘာ့ဖလား သွင်းဂိုး စုစုပေါင်း ၁၃ ဂိုးနဲ့ ဘရာဇီးဂန္ထဝင် ပီလီကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးစာရင်းရဲ့ အဆင့် ၆ နေရာမှာ ပူးတွဲရပ်တည်နေ ပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းဟာ အခုနှစ်ရာသီမှာ ကလပ်အသင်းအတွက် ၆၁ ဂိုးနဲ့ နိုင်ငံအသင်းအတွက် ၁၁ ဂိုး စုစုပေါင်း ၇၂ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမဲ့ ဇူလိုင် ၆ ရက်မှာ ပူးတွဲ အိမ်ရှင် မက္ကဆီကိုအသင်းနဲ့ မက္ကဆီကိုစီးတီးရှိ နာမည်ကျော် အက်ဇ်တေကာကွင်းမှာ ၁၆ သင်းအဆင့်အဖြစ် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
Source: SkySports/ BBC










