
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ သြဂုတ် ၂၉ ရက်နေ့ မနက်အစောပိုင်းက ရဲသတင်းပေးလို့ လူသိများတဲ့ ကိုမောင်မြင့်ဟာ နေအိမ်ပေါ်မှာ သေနတ်နဲ့ လာရောက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဥယျာဥ်စုရပ်မှာနေတဲ့ ရဲသတင်းပေး မောင်မြင့်ကို မနက် ၆ နာရီ ဝန်းကျင်လောက်မှာ ပစ္စတိုသေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း မြစ်ဝကျွန်းပေါ်တော်လှန်ရေးတပ်ဖွဲ့က DVB ကို ပြောပါတယ်။
"သူ့နေအိမ်ပေါ်မှာပစ်ခဲ့တာပါ၊ ပစ္စတိုနဲ့ပစ်တာ။ မနက် ၅ ခွဲကျော်လောက်က ကျနော်တို့ဆီ သတင်းရောက်လာတာကတော့ အောင်မြင်တဲ့အကြောင်းရောက်လာပြီ” လို့ ပြောပါတယ်။
ရဲသတင်းပေးလို့ လူသိများတဲ့ ကိုမောင်မြင့်ဟာ သေနတ်နဲ့ နေအိမ်မှာ ပစ်ခတ်ခံရပြီးနောက် ပုသိမ်မြို့ကတောင်ပေါ်ဆေးရုံကို ပို့ဆောင်ကုသချိန် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ရဲသတင်းပေးလို့ လူသိများတဲ့သူတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက လိုက်လံရှင်းလင်းနေတာ ၃ ဦးထိရှိလာပြီဖြစ်ပါတယ်။