
ကိုလံဘီယာနိုင်ငံ၊ ကွန်ဒီနာမာကာပြည်နယ်မှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အလုပ်သမား ၉ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားသတ္တုတွင်းအေဂျင်စီက မေ ၄ ရက်မှာ ပြောပါတယ်။
အဲဒီနေရာအတွက် အန္တရာယ်ထိန်းချုပ်မှုဆိုင်ရာ အကြံပြုချက်တွေ ထုတ်ပြန်ပြီး သီတင်းပတ် နည်းနည်းအကြာမှာ ခုလိုဖြစ်ခဲ့တာပါ။ ကာဘိုနဲရာ လော့စ် ပီနို့စ်ကုမ္ပဏီက လုပ်နေတဲ့ လာဆစ်စကူဒါသတ္တုတွင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ဓာတ်ငွေ့တွေ စုပုံလာလို့ မတော်တဆ ဖြစ်ခဲ့ပုံရပြီး ဧပြီ ၉ ရက်မှာ အန္တရာယ်ရှိနိုင်တဲ့ မီသိန်းအပါအဝင် ဓာတ်ငွေ့တွေကို ဖော်ထုတ်ခဲ့တဲ့ လုပ်ငန်းခွင်ဆီ သွားရောက်လည်ပတ်ချိန်မှာ သတ္တုတွင်း ဘေးကင်းရေးအစီအမံတွေကို အားကောင်းအောင်လုပ်ဖို့ အကြံပြုထားတယ်လို့ သတ္တုတွင်းအေဂျင်စီက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ အလုပ်သမား ၆ ယောက်ကို ဆေးကုပေးဖို့ ဒေသဆိုင်ရာဆေးရုံဆီ ပို့ခဲ့တယ်လို့ အယ်လ်ဆယ်ဗာဒေါ ဒေအူဘိတ်ဆေးရုံရဲ့ ဒါရိုက်တာ လူးဝစ်အယ်လ်ဖရဒ်ဒို နီနိုက မေ ၅ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကိုလံဘီယာနိုင်ငံက ဟင်းလင်းပြင် သတ္ထုတွင်း၊ မြေအောက်ကျောက်မီးသွေးနဲ့ ရွှေတွင်းတွေမှာ ပြင်းထန်တဲ့ မတော်တဆမှုတွေ ခဏခဏ ဖြစ်လေ့ရှိပြီး အများစုက တရားမဝင်လုပ်ငန်းတွေ၊ သင့်လျော်တဲ့ ဘေးကင်းရေးအစီအမံတွေ မရှိတဲ့ လုပ်ငန်းတွေ မှာ ဖြစ်ပွားလေ့ရှိပါတယ်။
Source: Reuters










