
ပီရူးနိုင်ငံမြောက်ပိုင်း၊ အန်ကတ်ရှ်ဒေသရှိ နီဗာဒိုတော့ကလာရာဟူးတောင်ကို တက်နေကြတဲ့ မက္ကဆီကိုနိုင်ငံသား အမျိုးသားနဲ့ ကနေဒါနိုင်ငံသူ အမျိုးသမီးတို့ စုံတွဲဟာ ဆီးနှင်းပြိုကျမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ပီရူးအာဏာပိုင်တွေက ဇွန် ၁၇ ရက်မှာ အတည်ပြု ပြောပါတယ်။
ဆီးနှင်းထုပြိုမှုကြောင့် လင်မယား ၂ ယောက်စလုံး သေဆုံးသွားခဲ့ပြီး၊ သူတို့နဲ့အတူပါလာတဲ့ အသက် ၃၅ နှစ်အရွယ် ပီရူးနိုင်ငံသား တောင်တက်လမ်းပြတယောက်ပဲ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။
ဒဏ်ရာရသွားတဲ့ ပီရူးတောင်တက်လမ်းပြကိုတော့ ဟွာရက်ဇ်မြို့က ဆေးရုံမှာ တင်ပို့ ကုသ ပေးထား ပါတယ်။
အန်ကတ်ရှ်ဒေသ အရေးပေါ်ကာကွယ်ရေးဗဟိုဌာန (COER) ရဲ့ ထုတ်ပြန်ချက်အရ နှင်းပြိုကျမှုဟာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်း အာရုဏ်တက်ချိန်မှာ ဖြစ်ပွားခဲ့တာပါ။
ဆီးနှင်းပြိုကျခဲ့တဲ့ နီဗာဒိုတော့ကလာရာဟူးတောင်ဟာ ပီရူးနိုင်ငံအနောက်ပိုင်း ကော်ဒီလာရာ ဘလန်ကာ တောင်တန်းမှာ ရှိပြီး၊ နိုင်ငံတကာက တောင်တက်သမားတွေ အကြား အလွန်ရေပန်းစား ပြီး လာရောက်တက်လေ့ရှိကြတဲ့ တောင်ထိပ်တခု ဖြစ်ပါတယ်။
Photo: Reuters










