DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၁၂ သိန်းခွဲကို စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ဟု WFP ကြေညာ
DVB
·
August 12, 2021
မြန်မာနိုင်ငံသား ၁၂ သိန်းခွဲကို စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ဟု WFP ကြေညာ
Donate to DVB

မြန်မာနိုင်ငံရဲ့ မြို့ပြဒေသတွေနဲ့ ကျေးလက်ဒေသတွေက ပြည်သူ ၁၂ သိန်းခွဲအတွက် ၂၀၂၁ ခုနှစ်အတွင်း   စားနပ်ရိက္ခာ၊ ငွေသားနဲ့အာဟာရ အထောက်အပံ့တွေ ပေးအပ်ထောက်ပံ့နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။

WFP ဟာ မြို့ပြစားနပ်ရိက္ခာ အထောက်အပံ့စီမံချက်တစ်ခုကို မေလမှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး အခုသြဂုတ်လအထိ ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တို့က ထိခိုက်လွယ်သူ လူဦးရေပေါင်း  ၆၅၀,၀၀၀ အတွက် တိုက်ရိုက်ကူညီပံ့ပိုး ပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထောက်ပံ့တာကတော့ မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့လည်း ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ စတီဖင်အန်ဒါဆန်က  “မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုဟာ ပိုမိုတိုးများလာသလို ပိုဆိုးရွားလာတာကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့တစ်ဝိုက်က ပျံကျရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၉၀ ရာခိုင်နှုန်း နီးပါးဟာ ငွေချေးယူပြီး အစားအစာဝယ်ယူနေကြရပါတယ်။ သူတို့ ဝင်ငွေဟာလည်း တော်တော်လေးကို ကျဆင်းသွားပါတယ်။”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

ပြီးတော့ မကြာသေးခင်က နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေမငြိမ်သက်မှုတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူ လူပေါင်း ၁၇,၅၀၀ ကိုလည်း ထောက်ပံ့ကူညီနိုင်ခဲ့ပြီး  နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူတွေကို အခုသြဂုတ်လထဲမှာ တိုးချဲ့ကူညီသွားဖို့လုပ်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဆက်လုပ်နိုင်ဖို့ အခုလကစပြီး  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အထိ ကြားကာလ အရေးပေါ် ရန်ပုံငွေလိုအပ်ချက် အမေရိကန်ဒေါ်လာ ၈၆ သန်းရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013