DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်ဆီဂျင်အိုးနှင့် Flow Meter အစုံလိုက်တွဲတင်ပို့ ခွင့်မပြု
DVB
·
August 10, 2021
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်ဆီဂျင်အိုးနှင့် Flow Meter အစုံလိုက်တွဲတင်ပို့ ခွင့်မပြု
Donate to DVB

တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ အောက်ဆီဂျင်အိုးတွေနဲ့ Flow Meter  ဆက်စပ်ပစ္စည်းတွေကို အစုံလိုက်တွဲ သယ်ဆောင်ခွင့် မပြုတော့တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်နေတဲ့  မြန်မာကုန်သည်တွေဆီက သိရပါတယ်။

ကျန်းမာရေးပစ္စည်းတင်ပို့နေတဲ့ မြန်မာကုန်သည် တစ်ဦးက “တရုတ်ဘက်က အောက်ဆီဂျင်အိုးနဲ့ Flow Meter တွဲထွက်လို့ မရဘူးလို့ သတ်မှတ်လိုက်တာကြောင့် Flow Meter က သပ်သပ်၊  အောက်ဆီဂျင်အိုးက သပ်သပ် နှစ်မျိုးခွဲလိုက်တာကြောင့် အခက်အခဲ ပြဿနာ ဖြစ်နေတယ်၊  ပုံမှန်ဆိုရင် အောက်ဆီဂျင်အိုး၊ Flow Meter နဲ့ Mask ပိုက်တွေ အစုံလိုက်တင်လို့ရပြီး မြန်မာနိုင်ငံရောက်ရင် တစ်ခါတည်း အောက်ဆီဂျင်ဖြည့် အသုံးပြုလို့ရပေမယ့် အခုက အောက်ဆီဂျင်အိုး ကားသပ်သပ်တစ်စီး၊ Flow Meter Set သပ်သပ် ကားတစ်စီး သီးခြား ထွက်ခိုင်းတာကြောင့် အောက်ဆီဂျင်အိုးတင်တဲ့ကား ထွက်သွားပြီး မြန်မာပြည်ရောက်ရင်လည်း သုံးလို့ မရဘူး” လို့ ပြောပါတယ်။

ဒါ့ကြောင့် မြန်မာကုန်သည်တွေအနေနဲ့ အောက်ဆီဂျင်အိုးတင်ပြီးသွားတဲ့အခါ  Flow Meter တင်ဖို့ရာအတွက် နောက်ထပ် ကားတစ်စီးရှာရလို့ ကုန်ကျစရိတ်ပိုများပြီး တွက်ခြေမကိုက်ပြန်ဘူးလို့လည်း ပြောပါတယ်။ 

“အဲဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ၂ ခု ဒုက္ခရောက်တာပေါ့။  ကားသေးသေးလေးနဲ့မှ တင်မှ အဆင်ပြေတာ။ ဒီချိန်မှာက ကားအရမ်းရှားတယ်လေ။  ပြီးရင် မြန်မာပြည်ကိုကျတော့ တဘက်ကကျတော့ ကာကွယ်ဆေးတွေ လှူနေ ဘာညာလုပ်ပြီးတော့ ဒီတဘက်မှာကျတော့ ဒီ တကယ့်ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ တင်သွင်းနေတာကို အကန့်အသတ်တွေနဲ့ လုပ်နေတာ မကောင်းဘူးပေါ့နော်။”

မြန်မာကားတွေလည်း တရုတ်အစိုးရဆီ အခွန်ဆောင်ပြီးသားဖြစ်တာကြောင့် အောက်ဆီဂျင်အိုး၊ PPE ဝတ်စုံ၊ လက်အိတ်နဲ့ တခြားကျန်းမာရေးပစ္စည်းတွေ ဘာပဲဖြစ်ဖြစ် အားလုံး ဝယ်တာဖြစ်တဲ့အတွက် အကန့်အသတ်မရှိ ဝယ်သလို ထွက်ခွင့်ပြုသင့်တယ်လို့ တရုတ်နယ်စပ်ရောက် မြန်မာကုန်သည်တွေက ပြောပါတယ်။

အဓိက ကျင်စန်းကျော့ဂိတ်ပေါက်ကနေ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာပစ္စည်းတွေကို အမြန်ဆုံး ထွက်ခွင့်ပြုလိုက်ပါက မြန်မာနိုင်ငံက ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ ပေါပေါများများ သုံးရလို့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က အောက်ဆီဂျင်အိုးတွေကို အစုံလိုက် ထွက်ခွင့်ပြုခဲ့သလို  အောက်ဆီဂျင်နဲ့ ကျန်းမာရေးပစ္စည်းတင်ကားတွေအပါအဝင်  တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ တပတ်မှာ သုံးရက်ပဲ ကား အစီး ၂၀၊ ၃၀ လောက်  တရုတ်ဘက်က ထွက်ခွင့်ပေးခဲ့ပါတယ်။  

လက်ရှိမှာတော့ အလှူအတန်းလုပ်တဲ့လူတွေထက် ပုဂ္ဂလိကတွေက ပိုများပြီး အလှူအတန်း စာရွက်မပါရင် ထွက်မရဘဲ ပိုမိုကြန့်ကြာနေပါတယ်။

တရုတ်အစိုးရဘက်က တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ကိုဗစ်-၁၉ ရောဂါ အကြောင်းပြကာ လုံးဝ ပိတ်ထားလိုက်ပေမဲ့ ကျန်းမာရေးသုံးပစ္စည်းတင်ပို့တဲ့ ကားတွေ မပါကြောင်း မြန်မာဘက် အသိပေးထားတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013