DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့ပေါ် ၌ ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်မှုနှင့် သေဆုံးနှုန်း မြင့်တက်လာ
DVB
·
August 8, 2021
ထားဝယ်မြို့ပေါ် ၌ ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်မှုနှင့် သေဆုံးနှုန်း မြင့်တက်လာ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ ဩဂုတ်လဆန်းပိုင်းက စလို့ ကိုဗစ်-၁၉ ရောဂါကူးစက်တာနဲ့ သေဆုံးတာတွေ မြင့်တက်လာနေတယ်လို့  မြို့ခံလူမှုကူညီရေးအဖွဲ့အချို့ဆီက သိရပါတယ်။

အခုရက်ပိုင်းအတွင်း သေဆုံးတာတွေဟာ မြို့ပေါ် ရပ်ကွက်တွေမှာ အများဆုံး ဖြစ်လာနေပြီး သေဆုံးအလောင်း သင်္ဂြိုဟ်ရတာတွေလည်း မနိုင်နင်းအောင် ဖြစ်လာနေပြီလို့ လူမှုကူညီရေးအဖွဲ့တချို့က ပြောပါတယ်။ 

တနင်္သာရီတိုင်းထဲက မြို့နယ် ၁၀ ခုမှာ ဩဂုတ် ၆ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၁၆၅ ဦး ရှိပြီး သေဆုံးသူ ၂၆ ဦး ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ထားဝယ်နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “အခုရက်ပိုင်းမှာတော့ မြို့ပေါ်မှာ မီးသင်္ဂြိုဟ်ပေးရတဲ့ ကိုဗစ်သေဆုံးသူ ၂၀ လောက်ရှိလာတယ်။ တခြား သေဆုံးသူတွေနဲ့ ပေါင်းရင်တော့ ၃၀ လောက်ပေါ့။ များလာတယ်လို့ ဆိုရမယ်” လို့ ပြောပါတယ်။

အရင်က နာရေးသင်္ဂြိုဟ်ရာမှာ တစ်ရက်ကို အများဆုံး ၉ လောင်းသာ ရှိပြီး တစ်လခြား နှစ်လခြား မှသာ သံသယလူနာသေဆုံးသူ တစ်ဦးစ နှစ်ဦးစသာ ရှိခဲ့တယ်လို့ သိရပါတယ်။

မြို့ပေါ်က ကိုဗစ်လူနာအများစုဟာ ဆေးရုံတက်ရောက်ကုသဖို့ အခက်အခဲဖြစ်လာတာကြောင့် အိမ်မှာ ကုသရင်းနဲ့ သေဆုံးခဲ့ကြတာဖြစ်ပြီး သင်္ဂြိုဟ်ရတဲ့ အလောင်း ၂၀ လောက်မှာ ၁၀ လောင်းက အိမ်မှာ သေဆုံးသူတွေဖြစ်တယ်လို့ သိရပါတယ်။

ထားဝယ်မြို့ခံတဦးက “အခုက ရပ်ကွက်တွေထဲ အိမ်တိုင်းလိုလိုမှာ မိသားစုတွေ ဖျားနေကြတာ။ ကိုဗစ်ကြောင့်လိုလို၊ ရာသီတုပ်ကွေးလိုလိုနဲ့ ဖျားနာနေကြတာ။ စစ်ဆေးတာလည်း မရှိတော့ ဘာရောဂါမှန်း သေချာမသိကြဘူး။ အောက်ဆီဂျင်ကလည်း လုံးဝဝယ်မရဘူး၊ လှူဒါန်းတဲ့ဆီမှာ ကြိုပြီးသွားတန်းစီထားရတယ်” လို့ ပြောပါတယ်။

ထားဝယ်မြို့ပေါ်မှာ သေဆုံးသူတွေအတွက်  သုသာန်မှာ ထင်းအသုံးပြု  မီးသင်္ဂြိုဟ်စက် ၄ လုံးရှိပြီး တစ်လုံးကို လက်ရှိ အလောင်း ၃ လောင်းသာ  သင်္ဂြိုဟ်နိုင်တယ်လို့ သိရပါတယ်။

ထားဝယ်နာရေး ကူညီမှုအသင်း တာဝန်ရှိသူက “အခုအခြေအနေထက် သေဆုံးလူနာ ပိုလာရင် သင်္ဂြိုဟ်ဖို့ ခေါင်းနောက်အောင်စဉ်းစားနေရပြီ” လို့ ပြောပါတယ်။   

ထပ်မံသေဆုံးသူတွေတိုးမလာဖို့ ကိုဗစ်စည်းကမ်းအတိုင်း သွားလာနေထိုင်ဖို့ လိုသလို စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းပေးရင်း  သက်ဆိုင်ရာဌာနတွေက ပိုမိုကြီးကြပ်ကာ ပညာပေးအစီအစဉ်တွေ ဖြစ်မြောက်အောင်လုပ် ဆောင်ပေးဖို့ လိုတယ်လို့ ထားဝယ်နာရေး ကူညီမှုအသင်း တာဝန်ရှိသူက သူ့အမြင်ကို ပြောပါတယ်။

သက်ဆိုင်ရာဌာနတွေက မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေအပေါ် လုပ်သင့်လုပ်ထိုက်တာတွေကို အာရုံစိုက်ပြီး လုပ်ပေးစေချင်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

ဇမ္ဗူသီရိအရေးပေါ်ကယ်ဆယ်ရေးအသင်း (ထားဝယ်) တာဝန်ရှိသူကတော့ “ကျနော်တို့ မြို့အနေအထားနဲ့ ရောဂါ ကူးစက်တာရော သေဆုံးတာရော အခုလို မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။

လက်တလောမှာ ကိုဗစ်ကူးစက်သူ များလာတဲ့အပေါ်  လူတွေကြား စိုးရိမ်မှုမြင့်တက်လာပြီး ကူးစက်ပါကလည်း ဆေးရုံတက်ကုသဖို့ မလွယ်တာကြောင့် ကိုယ်တိုင် ကိုဗစ်ပိုး ရှိ၊မရှိစစ်ဆေးကာ ပျောက်ကင်းသွားသူလို့ ယူဆရတဲ့သူတွေရဲ့ ညွှန်းတဲ့ဆေးတွေ ဝယ်သောက်ပြီး အိမ်မှာနေကုသကြသူ များလာတယ်လို့ သူက ဆက်ပြီး ပြောပါတယ်။ 

“အိမ်တွင်းကုတွေအနေနဲ့ သောက်သင့်တဲ့ ဆေးတို့၊ ရောဂါအခံရှိ၊ မရှိတို့ ဆိုတာ မသိနိုင်ဘူးလေ။ဒီ ကြားထဲ အောက်ဆီဂျင်ပါ ထိုးကျလာတွေလည်း ရှိတော့ မဆုံးသင့်ပဲ ဆုံးကြတယ်ဗျာ။”

ထားဝယ်မြို့ပေါ်က အစိုးရဆေးရုံနဲ့ သီတဂူ ဆေးရုံ ၂ ခုမှာ လတ်တလော လူနာလက်ခံနိုင်အား နည်းပြီး အောက်ဆီဂျင်ပါ အကန့်အသတ်နဲ့ဖြစ်နေကြောင်း၊ ပုဂ္ဂလိက ဆေးရုံတွေကလည်း လက်မခံကြောင်း သိရပါတယ်။

“ကျနော်တို့ Fever clinic ပြန်ဖွင့်ဖို့ လုပ်နေတယ်။ဖျားနာဖြစ်တဲ့သူတွေကို ကုပေးနိုင်အောင် လုပ်နေတယ်။ကုသလို့ မသက်သာရင် ကိုဗစ် စစ်မယ်။postive ဖြစ်ရင် စင်တာ-၁ ကို ပို့မယ်။မသက်သာရင်-၂ ပို့မယ်။ အဲဒါမှ မရရင် မြို့ပေါ်က ဆေးရုံ ၂ ရုံကို ချိတ်ဆက်ပို့သွားမယ်”လို့   ဇမ္ဗူသီရိအရေးပေါ်ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ရှေ့ဆက်လုပ်မယ့် အစီအစဉ်ကို ပြောပါတယ်။

ဇမ္ဗူသီရိအရေးပေါ်ကယ်ဆယ်ရေးအသင်းအနေနဲ့ ထားဝယ်နာရေးကူညီမှုအသင်းနဲ့ပူးပေါင်းကာ သေဆုံးလူနာတွေ သယ်ယူပေးတာအပါဝင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အသင်းဝင်ယာဉ် ၁၇ စီးနဲ့ အသင်းဝင်အင်အား ၃၇ ဦးက  ဆောင်ရွက်ပေးနေပြီး ကွာရန်တင်းစင်တာတွေမှာလည်း အသင်းဝင် ၉၁ ဦးနဲ့ ကူညီနေတာပဲဖြစ်ပါတယ်။

အခုအခါ  ကိုဗစ်စောင့်ကြည့်လူနာထားရန် စင်တာ-၂ ခု ရှိပြီး နောက်ထပ် တစ်ခု တိုးဖို့ ရှိကြောင်း၊ အဲဒီစင်တာမှာတော့ ကိုဗစ်ရောဂါရှိပြီး ဆေးပေးဖို့ မလိုသူတွေကို ၁၄ ရက် ထားကာ စောင့်ကြည့်ပြီး မသက်သာပါက ကုသရေးစင်တာ ၂ ခုကို ပို့ဆောင်တယ်လို့ သိရပါတယ်။

မြို့နယ် ၁၀ ခုနဲ့ဖွဲ့စည်းထားတဲ့ တနင်္သာရီတိုင်းမှာ  ကိုဗစ်စတင်ကူးစက်ချိန်ကနေ အခုထိ ပိုးတွေ့ အတည်ပြုလူနာ ၆၀၇၀ ဦးနဲ့ သေဆုံးသူ ၁၉၈ ဦး ရှိပြီး ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း မြို့နယ်တွေမှာ ကိုဗစ်ကူးစက်သူရော သေဆုံးသူပါ များနေတာကို တိုင်းကျန်းမာရေးရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013