Home
မြန်မာသတင်း
အဆိုတော် အောင်လနှင့်ဝိုင်းစုခိုင်သိန်းတို့ ဇနီးမောင်နှံ ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
August 7, 2021
119469330_3602348423143453_2449754294683011138_n
119469330_3602348423143453_2449754294683011138_n

နာမည်ကြီး လူငယ်အဆိုတော် စုံတွဲဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ဟာ ကို ဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် ကတဆင့် ပရိသတ်တွေကို အသိပေးထားခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်တဲ့ အဆိုတော် အောင်လက အရင်ကူးစက်ခံထားရတာလို့ ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်းဟာ အသက် ၃၄ နှစ်အရွယ် ရှိနေခဲ့ပြီဖြစ်ကာ သရုပ်ဆောင် မော်ဒယ် တစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “မက်လောက်စရာ” တေးအယ်လ်ဘမ်နဲ့ အဆိုတော်တယောက်အဖြစ်ပါ ပရိသတ် လက်ခံအားပေးမှုရရှိခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ “မျက်လှည့်”၊ “အာဘွား”၊ “ဂါ”စတဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်တွေ ဆက်တိုက်ထွက်ရှိခဲ့သလို အတွဲသီချင်းခွေတွေမှာလည်း သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပြီး  ၂၀၁၉ ခုနှစ်မှာတော့ နွားကျောင်းသူနာမည်နဲ့ တေးအယ်လ်ဘမ်တချပ် နောက်ဆုံး ထွက်ရှိထားတာ ဖြစ်ပါတယ်။

အဆိုတော် အောင်လကတော့ NC-13 တေးဂီတအဖွဲ့နဲ့အတူ ပရိသတ်တွေ လက်ခံ အားပေးမှု ရရှိခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ Reason အဖွဲ့ကို တခြား အတီးသမား ၅ ယောက်နဲ့ ပူးပေါင်း ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ အတူတကွ ဆက်လက်ဖျော်ဖြေမှုတွေ လုပ်ဆောင်နေတာပါ။

သူ့ရဲ့ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ “မာတိကာ”၊ “ပင်လယ်ထဲကမြစ်များ”စတဲ့ တေးအယ်လ် ဘမ်တွေ ဟာ ထင်ရှားပြီး လူငယ်ပရိသတ်တွေ ကြိုက်နှစ်သက်မှုတွေ ရရှိခဲ့တဲ့ တေးအယ်လ်ဘမ်တွေ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်ဇနီးမောင်နှံ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ရဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ သတင်းအပေါ် အနုပညာအသိုင်းအဝိုင်းကရော ပရိသတ်တွေကပါ အားပေး စကားပြော ဆုတောင်းပေးနေကြတာကို တွေ့ရပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ လက်ရှိ အချိန်ထိ သေဆုံးသူ ၁၁,၂၆၂ ယောက်နဲ့ ရောဂါကူးစက်ခံရသူ  ၃၂၂,၈၃၈ ယောက် ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၆ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024