DVB Logo
Home
မြန်မာသတင်း
ကိုဗစ်တတိယလှိုင်း ဂယက်ကြောင့် ပြည်သူအများစု စိတ်ဒဏ်ရာရနေ
DVB
·
August 6, 2021
ကိုဗစ်တတိယလှိုင်း ဂယက်ကြောင့် ပြည်သူအများစု စိတ်ဒဏ်ရာရနေ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းရဲ့ သက်ရောက်မှုကြောင့် ပြည်သူအများစုဟာ စိတ်ဒဏ်ရာရရှိ နေနိုင်ကြောင်း ပြီးခဲ့တဲ့ တပတ်အတွင်း ဒီဗွီဘီက  အွန်လိုင်းကနေ ကောက်ယူထားတဲ့ စစ်တမ်းငယ်တခုအရ သိရပါတယ်။

အဲဒီစစ်တမ်းငယ်ကို  လူဉီးရေ ၇၃၀,၀၀၀ ကျော်ရှိတဲ့ ဒီဗွီဘီမိတ်ဆွေများ စာမျက်နှာကတဆင့် ကောက်ခံပြုစုခဲ့ရာမှာ ကိုဗစ်တတိယလှိုင်းကြောင့် လူမှုစီးပွားရေး သက်ရောက်မှုတွေအကြောင်း မေးခွန်း ၁၀ ခု မေးမြန်းခဲ့တဲ့အနက်  သုံးပုံနှစ်ပုံကျော် ဖြစ်တဲ့  ၆၈ ရာနှုန်းက စိတ်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ 

ဇူလိုင် ၃၀ နဲ့ ဩဂုတ်လ ၆ ရက်အတွင်း စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေအရ စစ်တမ်းငယ်ကို ဖြေဆိုသူ စုစုပေါင်း ၁,၅၀၀ ကျော်ထဲမှာ ၁၄ ရာနှုန်းက ကလေးငယ်တွေ အနာဂတ် ထိခိုက်ခဲ့ရတယ်လို့ဆိုကြပြီး ၁၁ ရာနှုန်းကတော့ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး ထိခိုက်ရတယ်လို့ အဆိုပြုပါတယ်။

တခြားမေးခွန်းတွေထဲက စီးပွားရေး အရောင်းအဝယ်တွေ ပျက်စီးမှု၊ ပညာရေးထိခိုက်မှု၊ ဘာသာရေးဝတ္တရားတွေ ပျက်ကွက်မှု၊  သက်ကြီးရွယ်အိုတွေ သေဆုံးမှု၊  လူငယ်တွေသေဆုံးမှု၊ အိမ်ထောင်ရေးအစီအစဉ်တွေ ပျက်စီးမှု၊  ခရီးသွားအစီအစဉ်တွေ ဖျက်သိမ်းရမှုတွေမှာတော့ ဖြေဆိုသူ အနည်းငယ်စီ ရှိကြပါတယ်။ 

မြန်မာနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းတကျော့ပြန်ကာလဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လူမူရေး အခက်အခဲတွေသာမက စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မူတွေကြောင့် မကျေနပ်မှုတွေ အာဏာရှင်ကို ဆန့်ကျင် အာခံဖီဆန် တိုက်ပွဲဝင်မှုတွေ ဖြစ်ပေါ်နေချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၇၀၀၀ ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပြတ်လပ်နေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကနီမြို့နယ် လာပို့ကျေးရွာအုပ်စုနေ ဒေသခံအိမ်ရှင်မတဦးက “အခုကျမတို့ စားစရာတွေ အကုန်ပြတ်နေပြီ။ တစ်ချို့ဆိုရင် ဆန်ပြုတ်တောင်ပြုတ်သောက်နေကြရပြီ။ ကူညီမဲ့သူမလာနိုင်ရင်တော့ အကုန်သေရမဲ့ကိန်းပဲ။”လို့ ပြောပါတယ်။

ဒါ့အပြင် ရောဂါတွေဖြစ်ပွားနေတဲ့ အခြေအအနေနဲ့ ပတ်သက်ပြီးလည်း “ကျမတို့ အပြစ်မဲ့ပြည်သူတွေရဲ့ဘဝကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးရှင်။ အခုဆိုရင် ကျေးရွာတိုင်းလိုလို ရာသီတုပ်ကွေးတွေ အိမ်တိုင်းလိုလိုဖြစ်နေရတာ။ အစားအစာတွေ ပြတ်လပ်ရုံတင်မကပါဘူး ဆေးဝါးတွေပါမရှိတော့တာ။”လို့ ပြောပါတယ်။

မြန်မာပြည်တွင်းက စိတ်ကျန်းမာရေး ပညာရှင်တယောက်ကတော့ လူတိုင်းနီးပါးဟာ သူတို့ ချစ်ခင်ရတဲ့ တယောက်ယောက် တတိယလှိုင်းကိုဗစ်ကြောင့် သေဆုံးကြရတာကို ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

စိတ်ဒဏ်ရာရရှိသူတွေ ဆွေမျိုးသေဆုံးမှုတွေကြောင့် ပူဆွေးသောကရောက်နေရသူတွေ အများစုကတော့ ကုစားပေးခြင်းအားဖြင့် အချိန်ကာလတခုမှာ သက်သာရာရရှိပြီး ဖြေသိမ့်ပေးစရာ မလိုအပ်ပေမယ့် တချို့ကတော့ လပိုင်း၊ နှစ်ပိုင်းနဲ့ချီပြီး တ‌‌မြေ့မြေ့ စိတ်ထိခိုက်ကြေကွဲနေရနိုင်တယ်လို့  စိတ်ကျန်းမာရေးပညာရှင်က  ပြောပါတယ်။ 

သူတို့တွေကိုတော့ စိတ်ပိုင်း လူမှုရေးပိုင်း ပံ့ပိုးမူတွေနဲ့ ကုသပေးရနိုင်ပြီး "psychological first aid ကနဦး စိတ်ပိုင်းဆိုင်ရာပြုစုစောင့်ပေးခြင်း' ရှိရင် ပြင်းထန်တဲ့ စိတ်ဒဏ်ရာကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ထောက်ပြပါတယ်။

ကိုဗစ်-၁၉ ကြောင့် မိခင်နှင့် ညီမဖြစ်သူ ဆုံးပါးသွားခဲ့ရတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးကလည်း “ဘယ်လိုမှဖြေလို့မရဘူး။ ခဏလေးအတွင်းမှာ အမောဖောက်ပြီးဖြစ်သွားတာလေ။ ဘာမှလည်း လုပ်မရ ဆရာဝန်လည်း ပင့်မရနဲ့လေ။ ချောင်းကလည်းဆိုးနေတော့ အဲလိုဖြစ်သွားတာပေါ့။ အမေက နဂိုတည်းက နှလုံးရောဂါ ရှိတာလေ။ နောက် အစာမစားတာလည်းကြာပြီလေ။ အဲဒါတွေပေါင်းပြီးဖြစ်တာ။ အခုလိုပုံစံမျိုးကို မဖြစ်စေချင်ဘူးပေါ။ အခုထိနေသားမကျသေးဘူး။”လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ မြန်မာနိုင်ငံ လူမှုကွန်ရက်အသုံးပြုသူ ရာဂဏန်း ထောင်ဂဏန်းတွေဟာ မိသားစုနဲ့ ထပ်တူကြေကွဲရပါကြောင်း ဝမ်းနည်းစကားတွေ ပြောဆိုတင်ပြနေခဲ့ကြပြီး ဖေ့ဘွတ်ခ် စာမျက်နှာဟာ အချိန်နဲ့အမျှ နာရေးကြော်ငြာလို ဖြစ်လာနေတယ်လို့ ဝေဖန်ကြပါတယ်။

ဒုတိယကမ္ဘာစစ်ဟာ လူအသက်အတော်များများသေဆုံးစေခဲ့ပြီး လူတွေအတော်များများ အစုလိုက် အပြုံလိုက် စိတ်ဒဏ်ရာ ရရှိခဲ့ကြပြီး ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကတော့ အသက်တွေ ပိုမိုဆုံးရှုံးနိုင်ကာ ပိုမိုပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို အဒါနွန် ဂယ်ဘရီယက်ဆပ်က ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

၁၉၃၉ - ၁၉၄၅ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း လူပေါင်း ၇၅ သန်းလောက် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိ တကမ္ဘာလုံး ရင်ဆိုင်နေရဆဲဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါအတွင်း လူပေါင်း သန်း ၂၀၀ မက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကာ လူ ၄ သန်းကျော် အသက်ဆုံးရှုံးခဲ့ပြီးပြီလို့ WHO က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013