DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းမှု ဒီမိုကရေစီအသွင်ပြောင်းရေးဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေဟု အပစ်ရပ်အဖွဲ့များကြေညာ
DVB
·
August 5, 2021
ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းမှု ဒီမိုကရေစီအသွင်ပြောင်းရေးဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေဟု အပစ်ရပ်အဖွဲ့များကြေညာ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲရလဒ်ကို တဖက်သတ်ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်ရေးအတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်စေတယ်လို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သြဂုတ် ၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) အစည်းအဝေးကို သြဂုတ် ၄ ရက်နဲ့ ၅ ရက်မှာ နှစ်ရက်ကြာကျင်းပပြီးနောက် သဘောထားထုတ်ပြန်လိုက်တာပါ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲသစ်ကိုကျင်းပပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဩဂုတ်လ ၁ ရက်နေ့ ပြောကြားခဲ့သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် မဟာမိတ်ပါတီ ၂၈ ပါတီကလည်း ကြိုဆိုထောက်ခံ ကြောင်း ကြေညာထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး PPST ‌ပြောခွင့်ရသူ ဦးမျိုးဝင်းက “ကျနော်တို့က မြင်တာကတော့ ဒီလိုမျိုး ကြေညာခြင်းက ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် နောက်ပြန်ဆုတ်စေသလို ရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်ပေါ်မှာလည်း ပြည်သူလူထုယုံကြည်မှု နည်းစေတယ်။ နိုင်ငံရေးဘောင်ကို ချဲ့ရမယ့်နေရာမှာ ရွေးကောက်ပွဲနိုင်ငံရေးလုပ်ငန်းစဉ် ပြည်သူလူထုယုံကြည်မှုကို ပိုပြီးတော့ အားနည်းသွားစေမယ်။ နောက်ပြန်ဆုတ်သွားစေမယ်ဆိုတာလည်း ဖော်ပြတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက်ကို နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက်ကိုလည်း အကျပ်အတည်းဖြစ်စေလိမ့်မယ်လို့ စိုးရိမ်တာပေါ့နော်။ သက်ဆိုင်ရာ ပါတီတွေက သူတို့သဘောထားကို လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ အမြင်တော့ မတူဘူးပေါ့။ ” လို့ ပြောပါတယ်။

PPST ကြေညာချက်မှာ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဧပြီ ၂၄ ရက်က ကျင်းပတဲ့ အာဆီယံရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ ဒု နိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆွတ်ဖ်အား ခန့်အပ်တာကိုလည်း ကြိုဆိုကြောင်း ဖော်ပြပါတယ်။

PPST အနေနဲ့ နိုင်ငံတကာ ကြားဝင်ဖြန်ဖြေတာတွေကို မြန်မာနိုင်ငံရဲ့ ပကတိ နိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းမယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဦးမျိုးဝင်းက “အားလုံးသိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်ချတာနဲ့ လက်တွေ့အကောင်အထည်ဖော်တာ၊ အာဆီယံရဲ့ အထူးကိုယ်စားလှယ် အခုမှ ခန့်အပ်နိုင်တာက သုံးလလောက်ကြာမှ ခန့်အပ်နိုင်တယ်။ ခန့်ပြီးရင် လုပ်ငန်းအကောင်အထည်ဖော်မှာတွေ ချဦးမယ်။ ကျနော်တို့ မြင်တာက တိုင်းပြည်အတွက် ဖြေကို ဖြေရှင်းရမယ့်ကိစ္စ၊ ကိုယ့်အချင်းချင်း ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သက်ဆိုင်သူအားလုံးက ကဲ-ငါတို့အားလုံး အတူတကွ ဖြေရှင်းရအောင်ဆိုပြီး ဖြေရှင်းတာက အကောင်းဆုံး။ ဒါပေမဲ့ အဲဒါကလည်း အခက်အခဲ ရှိနေတယ်။ ဆိုလိုတာက အမြန်ဆုံးဆောင်ရွက်ရမယ့်ဟာကို ယူအန် ကုလသမဂ္ဂလည်းကူပါဦး၊ ဟိုနိုင်ငံကူပါဦး၊ ဒီနိုင်ငံကူပါဦး ကျနော်တို့ အကူအညီတောင်းခံကြတာပဲ။ ဒါပေမဲ့ လက်တွေ့ အခြေအနေအရက နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အာဆီယံ ကြားဝင်ဖြေရှင်းရေး နည်းလမ်းကိုပဲ အားလုံးက ဝိုင်းပြီးတော့ တွန်းအားပေးနေကြတာပဲ။ ဒီနည်းလမ်းတခုကလည်းပဲ တိုင်းပြည်အတွက် ဖြေရှင်းဖို့ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒါပေမဲ့ အာဆီယံကို မယုံကြည်ကြဘူးဆိုတာကလည်းပဲ အမြန်အကောင်အထည်ဖော်ရမယ့်ဟာကို အချိန်ကြာနေတဲ့ အနေအထားရယ်၊ တကယ်လည်း ဖြတ်သန်းခဲ့တဲ့ခရီးတွေအပေါ်မှာ နိုင်ငံတကာရဲ့ပါ၀င်မှုဟာ မြန်မာနိုင်ငံရေးပြသနာဖြေရှင်းရေးမှာ ဘယ်လောက်ထိ အောင်မြင်ခဲ့ဖူးသလဲပေါ့နော်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ စိုးရိမ်မှုတော့ရှိတာပေါ့။ ဒါပေမယ့် တဖက်ကတော့ ဘာမှ မရှိတာထက်စာရင် အဲဒီနည်းလမ်းကလည်း ကြိုးပမ်းဖို့အတွက်ကို ပြုနိုင်တယ်ဆိုတဲ့စိတ်နဲ့လည်းပဲ ကြိုဆိုရမှာပေါ့နော်။ သံသယရှိပေမယ့်လည်းပဲ တဖက်က ဆောင်ရွက်လာမှုအခြေအနေကို သတိကြီးကြီးနဲ့ ကြိုဆိုရမှာပေါ့နော်၊ ကြိုးပမ်းကြည့်ရမှာပေါ့။” လို့ ပြောပါတယ်။

ကိုဗစ် -၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေကို တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် နိုင်ငံတကာအကူအညီ အမြန်ဆုံးရရေးနဲ့ ပြည်သူ့လက်ဝယ် အမြန်ဆုံးရောက်ရေးအတွက် နယ်စပ်ဖြတ်ကျော် သယ်ဆောင်နိုင်ရေးအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ဟာ အဖွဲ့ဝင် ၁၁ ဦးပါ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတရပ်ကို ဇူလိုင် ၁၇ ရက်က ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။
အန်စီအေလက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပါ၀င်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013