DVB Logo
Home
Lead Story
ရခိုင်စစ်ဘေးရှောင် သက်ကြီးရွယ်အိုများကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးပေးရန် တိုက်တွန်း
DVB
·
August 4, 2021
ရခိုင်စစ်ဘေးရှောင် သက်ကြီးရွယ်အိုများကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးပေးရန် တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့  အသက် ၆၅ နှစ်ကျော်အရွယ် သက်ကြီးရွယ်အိုအားလုံးကို  ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ဦးစားပေးဖို့ပေးဖို့  ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး တာဝန်ရှိသူက တိုက်တွန်းပြောကြားလိုက်ပါတယ်။  

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၆၅ နှစ်အထက်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဇူလိုင်လ  ၃၁ ရက်နေ့ကစတင်ပြီး မြို့နယ်အနှံ့မှာ ကျန်းမာ​ရေးဌာနက ကာကွယ်ဆေးထိုးနှံပေးနေတာဖြစ်ပါတယ်။

ဒီလို ကာကွယ်ဆေးထိုးပေးရာမှာ မြို့ပေါ်စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ အသက် ၆၅ နှစ်အထက်ရှိသူတချို့ကိုပဲ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီး နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက သက်ကြီးရွယ်အိုတွေကိုတော့ ထိုးပေးတာမရှိသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“မြို့ပေါ်မှာရှိတဲ့ စခန်းတွေမှာတော့ ၆၅ နှစ်အရွယ်သက်ကြီးပိုင်းတွေကို ထိုးပေးနေတဲ့ဟာတွေကို တွေ့တယ်။ တချို့မြို့ပြနဲ့အလှမ်းဝေးတဲ့ အဲဒီစခန်းတွေမှာတော့မထိုးနိုင်တဲ့ အခြေအနေတွေကို တွေ့ရတယ်။ နောက်မြို့ပေါ်မှာလည်းပဲ တချို့နေရာတွေက စခန်းတွေမှာကျ တော့ ဘာကြောင့်လည်းမသိဘူး၊ မထိုးပေးနိုင်တဲ့ စခန်း ၁/၂ ခုတော့ရှိတယ်”။

ရခိုင်တစ်ပြည်နယ်လုံးမှာ ကိုဗစ်ကာကွယ်ဆေးဆေးအလုံးရေ ၁ သိန်းဝန်းကျင်လောက်ပဲ ရရှိမှာဖြစ်လို့ အသက် ၆၅ နှစ်နဲ့အထက်အကုန်လုံးကို  ထိုးနိုင်မယ့် အခြေအနေ မရှိကြောင်းနဲ့ ၆၅ နှစ်အရွယ်တွေကို ထိုးမယ်ဆိုရင် ဒီကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ သက်ကြီးပိုင်းတွေကို ဦးစားပေးပြီး အကုန်လုံးပြီးစီးအောင် ထိုးပေးသင့်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းမှာ​နေထိုင်ကြတဲ့သူတွေဟာ ကျန်းမာရေးချို့တဲ့သူတွေနဲ့ ရောဂါအခံရှိသူတွေပါဝင်ပြီး လူစုလူဝေးတွေနဲ့နေထိုင်နေကြရကာ ဆေးဝါးလိုအပ်ချက်တွေ ရှိနေသလို ကိုဗစ်ကာကွယ်ရေးအတွက် ပြည့်စုံလုံလောက်တဲ့ အကူအညီမရလို့ ကိုဗစ်ကူးစက်နိုင်ခြေများနေတာဖြစ်ပါတယ်။

“ကယ်ဆယ်ရေးစခန်းတွေမှာကျတော့ ကူးစက်နိုင်ခြေက အရမ်းကိုများတယ်၊ နောက်ကိုယ်ခံအားနည်းနေတာကတစ်ကြောင်း၊ နောက်ရောဂါအခံရှိနေတာက တစ်ကြောင်း၊ နောက်လူစုလူဝေးနဲ့မလွဲသာ မရှောင်သာနေရတဲ့အနေအထားကြောင့်ပေါ့၊ အဲဒီတော့ ဒီလူတွေကိုဆေးထိုးပေးလိုက်ချင်းအားဖြင့် စခန်းတွေအတွက်တော်တော်ကြီးကို စိတ်ချလို့ရတဲ့ အနေအထားကို ဖြစ်သွားတာပေါ့”  လို့ ကိုဇော်ဇော်ထွန်းက  ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း  နီးစပ်ရာစစ်ဘေးရှောင်စခန်းတွေနဲ့ မြို့ပေါ်တွေမှာခိုလှုံနေကြရတဲ့ စစ်ဘေးရှောင် ဦးရေဟာ ၁ သိန်းကျော်ထိရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013