DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် မိုးသည်းထန်ရေကြီးပြီး မိုးစပါးဧက ၇၀၀၀ ခန့် ရေနစ်မြုပ်
DVB
·
August 2, 2021
ကရင်ပြည်နယ်တွင် မိုးသည်းထန်ရေကြီးပြီး  မိုးစပါးဧက ၇၀၀၀ ခန့် ရေနစ်မြုပ်
1 / 14
Donate to DVB

ကရင်ပြည်နယ်အတွင်းမှာ  မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျချောင်းရေနဲ့ သံလွင်မြစ်ရေတက်လာတာကြောင့်  မိုးစပါးခင်း ဧက ၇၀၀၀ လောက်  ရေကြီးနစ်မြုပ်ခဲ့တယ်လို့ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

ဇူလိုင်လဆန်းပိုင်းက စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ မြစ်ရေလျှံတက်လာမှုတွေကြောင့် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက မိုးစပါး ဧက ၇၀၀၀ လောက်နဲ့ အစေ့ထုတ်ပြောင်း ဧက ၉၀ လောက် ရေနစ်မြုပ်ခဲ့တယ်လို့ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။

"ပြန်ပြီးရေကျမှ ထိခိုက်တာလား။ ဆုံးရှုံးတာလား။ အခု လောလောဆယ်က ရေကြီးနစ်မြုပ်တဲ့ စာရင်းပဲရသေးတယ်။ ရေကြီးနစ်မြုပ်လို့ ကျရောက်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ စုဖွဲ့ထားတဲ့ ပညာရှင်တွေက ကွင်းဆင်းဆောင်ရွက်သွားမယ် "လို့ ဆိုပါတယ်။

မိုးစပါးပျိုးခင်းတွေ ရေနစ်မြုပ်ပြီး ပျက်စီးခဲ့တဲ့အတွက် လယ်သမားတွေအနေနဲ့ ပြန်လည်စိုက်ပျိုးနိုင်ဖို့ အခက်အခဲတွေရှိတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ လယ်သမားတစ်ဦးက“အခုက မျိုးကြဲပြီးတာနဲ့ရေမြုပ်တာ။ ပျက်ကုန်ပြီး။ အခုက ခေတ်ကမကောင်း။ အဆင်ကမပြေ။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ အရင်အစိုးရတုန်းက ထောက်ပံ့တာရှိတယ်။ စကစပေးတာကို မမျှော်လင့်ဘူး”လို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် မျိုးစပါးခင်းတွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မျိုးစပါး ၁၂၇၀ တင်း စုဆောင်းထားတဲ့အပြင် ပျက်စီးပျိုးခင်းတွေအတွက် အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ဖျာလိပ်စနစ် ပျိုးပင်တွေကို ကွင်းအရောက် သယ်ယူစိုက်ပျိုးနိုင်အောင် မြို့နယ်အလိုက် ဆောင်ရွက်ထားတယ်လို့  တာဝန်ရှိသူက ဆိုပါတယ်။ 

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၄ သိန်း ၃ သောင်းကျော် လျာထားပြီး မိုးစပါး ၁ သိန်း ၁ သောင်းကျော်စိုက်ပျိုးပြီးဖြစ်ရာ ဧက ၇၀၀၀ လောက် ရေလွှမ်းမိုးခံခဲ့ရတာပါ။

အစေ့ထုတ်ပြောင်းအနေနဲ့ စိုက်ပျိုး  ဧက ၅ သောင်းလျာထားပြီး စိုးပျိုးပြီးအစေ့ထုတ်ပြောင်း ဧက ၉၀ လောက် ရေလွမ်းမိုးခံခဲ့ရပါတယ်။

ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လ ၂ ရက်အထိ  ဘားအံမြို့မှာမိုးရွာသွန်းမှုအနေနဲ့ ၇၉ ရက်ရှိပြီး မိုးရေချိန် ၁၃၀ ဒသမ ၂၀ လက်မ၊ ကော့ကရိတ်မြို့မှာ  ၈၇ ရက်ရှိပြီး မိုးရေချိန်  ၁၀၉ ဒသမ ၈၄ လက်မနဲ့ မြ၀တီမြို့မှာ ၆၄ ရက်ရှိပြီး ၅၃ ဒသမ ၂၇ လက်မဆီ ရွာသွန်းခဲ့တယ်လို့ ပြည်နယ်မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013