DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကောင်စီ၌ မြန်မာအရေး အလွတ်သဘောဆွေးနွေး၊ မြန်မာ့လူဦးရေတဝက် ကိုဗစ်ကူးစက်နိုင်ဟု သတိပေး
DVB
·
July 30, 2021
လုံခြုံရေးကောင်စီ၌ မြန်မာအရေး အလွတ်သဘောဆွေးနွေး၊ မြန်မာ့လူဦးရေတဝက် ကိုဗစ်ကူးစက်နိုင်ဟု သတိပေး
Donate to DVB

စစ်တပ်အာဏာသိမ်းမှုနဲ့ရော ပြင်းထန်တဲ့ကိုဗစ်ကပ်ရောဂါလှိုင်းနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘောဆွေးနွေးပွဲကို ဇူလိုင် ၂၉ ရက်က နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပပါတယ်။ 

ဒီအစည်းအဝေးကျင်းပဖို့ ကမကထပြုလုပ်ခဲ့တဲ့  ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် အမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်က မြန်မာနိုင်ငံမှာလာမယ့် သီတင်းနှစ်ပတ်လောက်အတွင်း နိုင်ငံလူဦးရေ ၅၄ သန်းရဲ့ တဝက်လောက်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိနေတယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးနီးပါး ယိုယွင်းပျက်စီးသွားပြီး ကျန်းမာရေးဝန်ထမ်းတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရ၊ ဖမ်းဆီးခံနေရတယ်လို့လည်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး ဂျက်ဖရီ ဒီလော်ရန်းတစ် ကလည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တရှိန်ထိုးမြင့်တက်လာနေတဲ့ အပြင် အစာရေစာငတ်မွတ်ခေါင်းပါးမှုလည်း တိုးလာနေတဲ့အကြောင်းနဲ့ အချိန်နှောင့်နှေးကြံ့ကြာလာတာနဲ့ အမျှသေဆုံးသူတွေ ပိုများလာလိမ့်မယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတွေရပ်တန့် အောင်နဲ့လုပ်ဆောင်ဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်ရအောင်လုပ်ဖို့ ဖိအားပေးဆောင်ရွက်ဖို့လည်း အမေရိကန် ဝါရင့်သံတမန်က တိုက်တွန်းပါတယ်။  

မြန်မာစစ်တပ်ရဲ့အကြမ်းဖက်နှိပ်နင်းမှုတွေကြောင့် လူထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူပေါင်း ၂ ဒသမ ၈ သန်းလောက်ဟာ အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရနိုင်တယ်လို့ ပြောပါတယ်။

ဒီအစည်းအဝေးမှာပါဝင်တက်ရောက်ခဲ့တဲ့  ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်ရေး ကုလသမဂ္ဂအနေနဲ့  စောင့်ကြပ်လုပ်ဆောင်ပေးဖို့လည်း   တောင်းဆိုလိုက်ပါတယ်။ 

ဒီကိစ္စတွေလုပ်ဆောင်ဖို့  ကုလသမဂ္ဂက ဦးဆောင်တဲ့ စောင့်ကြည့်ရေးအဖွဲ့တစ်ခုကို အရေးပေါ်ဖွဲ့စည်းပေးဖို့လည်း မြန်မာသံအမတ်ကြီးက တိုက်တွန်းအကြံပြုခဲ့ပါတယ်။

ဒီအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီးရေးရာဝန်ကြီး ဒေါ်ဆူဇန်နာလှလှစိုးနဲ့ ကချင်တိုင်းရင်းသား ဂွမ်ဆန်းအန်စန်းတို့လည်း အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ပါဝင်ဆွေးနွေးရာမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေ အပေါ် စစ်တပ်ရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်အုပ်စုဟာ  နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို  ထိန်းချုပ်ဖို့ မနိုင်မနင်းဖြစ်နေတဲ့ အခြေအနေတွေကို ပြောဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအခြေအနေ၊ အာဆီယံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဖို့ကိစ္စ၊ ကိုဗစ်-၁၉  ကူးစက်ပျံ့နှံ့မှုအခြေအနေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို ကျင်းပတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င်တွေဟာ မြန်မာပြည်အကျပ်အတည်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာနဲ့ ကိုဗစ် ကာကွယ်ဆေးတွေ အားလုံးရရှိအောင် ပြုလုပ်တာ အပါအ၀င် စစ်တပ်ကနေ နှုတ်ပိတ်ဖို့ကြိုးစားတဲ့အသံတွေကို တိုက်ရိုက်နားဆင်ကြားနာသွားမှာ ဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်က  ဆွေးနွေးပွဲမတိုင်ခင်ကလည်း တွစ်တာ ဗီဒီယိုကြေညာချက်မှာ ပြောထားပါတယ်။ 

မြန်မာကျန်းမာရေး၀န်ထမ်းတွေရဲ့ သူရဲကောင်းဆန်တဲ့ ကြိုးပမ်းမှုတွေ ရှိနေပေမယ့်လည်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ပြိုလဲလုနီးဖြစ်နေပြီးတော့ စီးပွားရေး၊ အလုပ်အကိုင်၊ လုပ်ငန်းတွေ ကျရှုံးနေတယ်လို့လည်း ပြောပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်ရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တစ်ဟုန်ထိုး တိုးပွားလာနေတဲ့အတွက် အရေးပေါ် ကိုဗစ်ရပ်စဲရေး လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးမှာ အလွန်လိုအပ်နေတဲ့ ကျန်းမာရေးပညာရှင်တွေအပေါ် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် ကုလသမဂ္ဂရဲ့ လုပ်ဆောင်နိုင်သမျှ အခွင့်အာဏာအားလုံးကို သုံးဖို့ အရေးတကြီး လိုအပ်နေပြီလို့ လည်း တွမ်အန်ဒရူစ်က အလေးအနက် ပြောကြားခဲ့ပါတယ်။ 

ကုလသမဂ္ဂရဲ့ အဆိုအရ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေနဲ့ ဆေးကုပေးရာနေရာ အနည်းဆုံး ၂၆၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံးလူ ၁၈ ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ 

ဆေးဘက်ဆိုင်ရာ  ပညာရှင် အယောက် ၆၀၀ ကျော်ဟာ လက်ရှိမှာ ဖမ်းဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းနေရပြီး အနည်းဆုံး ၆၇ ယောက်ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်မှာ လူနာတွေအတွက်  အောက်ဆီဂျင်ထောက်ပံ့မှုမရှိတာကြောင့် လူအသေအပျောက်များပြီး အခြေအနေက ပိုမိုဆိုးရွားလာနေပါတယ်။  မြန်မာနိုင်ငံမှာ မနေ့က တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅,၂၃၄ ဦးနဲ့ သေဆုံးသူ ၃၄၂ ဦး ထပ်တိုးလာလာကာ   စုစုပေါင်း ကူးစက်ခံရသူ ၂၈၉,၃၃၃ ဦးနဲ့ သေဆုံးသူ ပေါင်း ၈,၅၅၂ ရှိပြီလို့  စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013